October 20, 2024

၆. ၄. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်းစားသုံးဆီအတွက် ဆီဖူလုံမှုမရှိခြင်းကြောင့် ပြည်ပမှ တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန် ခြောက်သိန်းခန့် တင်သွင်းနေရသဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ပြည်တွင်းစားသုံးမှုအတွက် ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စေရန် ကြိုးပမ်းလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဧပြီလ ၅ ရက်တွင် ပြုလုပ်သည့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီနှံ တိုးတက်ထုတ်လုပ်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါ ရည်မှန်းချက်ပြည့်မီစေရန်အတွက် ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဆီထုတ်ပဲပုပ် စသည့် ဆီထွက်သီးနှံများကို ရေမြေ၊ ရာသီဥတုအခြေအနေပေးသည့် ဒေသများတွင် အထူးဇုန် (၇) ခု သတ်မှတ်ပြီး အထူးအရာရှိများ တာဝန်ပေးအပ်၍ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နေသကဲ့သို့ ပုံမှန်စိုက်ပျိုးလျက်ရှိသော ဒေသများတွင်လည်း ယခင်နှစ်ပျမ်းမျှအထွက်နှုန်းထက် မလျော့ကျစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်ခွဲမည့် ဇုန်သတ်မှတ်နိုင်ရေး၊ ကြိတ်ခွဲမည့်ပမာဏ လျာထားမှုများအပါအဝင် ပံ့ပိုးလုပ်ဆောင်နိုင်ရန်၊ ပြည်တွင်းဆီကြိတ်ခွဲနိုင်ရန် လုံလောက်သည့်ပမာဏကို ဆီစက်များသို့ မရောက်မီ ပြည်ပတင်ပို့ခွင့်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဆီစက်များတွင် အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဆီစက်လုပ်ငန်းများ ချေးငွေလျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ဆီစက်များ အရည်အသွေးမီစွာ ထုတ်လုပ်နိုင်ရေး၊ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အရောင်အနံ့နှင့် အရသာပြည့်စုံသည့် စားသုံးဆီများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ- ပြည်တွင်းစားသုံးဆီဖူလုံစေရန် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းများကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *