October 20, 2024

၆. ၄. ၂၀၂၄
Translated by Htwe Ko Tun

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စက် ဂျူလီ ဘိရှော့ကို ခန့်ထားခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ဧပြီလ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့တဲ့ စင်ကာပူနိုင်ငံက နိုလင်း ဟေဇာရဲ့နေရာမှာ ဂျူလီ ဘိရှော့ကို အစားထိုးခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။ ဂျုလီဘိရှော့က ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိမှာ ဩစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိအဖြစ် တာဝန်ယူဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ကြေညာချက်မှာတော့ သူမရဲ့ နိုင်ငံရေးအမြင်ကျယ်မှု၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲရေး ရေးရာနဲ့ အဆင့်မြင့်ပိုင်းခေါင်းဆောင်မှုအတွေ့အကြုံတွေအရ ဒီနေရာကိုခန့်အပ်လိုက်တာလို့ ဖော်ပြထားပါတယ်။ သူမက ဩစတြေးလျပါလီမန်အမတ်တစ်ဦးအနေနဲ့လည်း ၁၉၉၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဂျုလီကလည်း ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်အဖြစ်တာဝန်ပေးခံရလို့ အထူးဂုဏ်ယူမိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်းကလည်း ဂျုလီ ဘိရှော့ကို ခုလိုတာဝန်ပေးအပ်ခြင်းအပေါ် ကြိုဆိုပါတယ်လို့ ဧပြီလ ၆ ရက်နံနက်မှာ ပြောခဲ့ပြီး ဩစတြေးလျအစိုးရက ဂျုလီ ဘိရှော့၊ အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာအသိုက်အဝန်းတို့နဲ့အတူ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အနီးကပ်ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

Ref- Guardian, Xinhua

Leave a Reply

Your email address will not be published. Required fields are marked *