October 21, 2024

၅. ၄. ၂၀၂၄
Written by Hey Mar

ဂျိုင်းမြစ် ဒူရိန်ဆိပ်ကနေ တစ်ဖက်ကမ်းကို ဖောင်နဲ့ကူးတဲ့ ခရီးသည်တင်ကားတစ်စီး ဘရိတ်ချို့ယွင်းကာ မြစ်ထဲထိုးကျခဲ့ပြီး ယာဉ်မောင်း ပျောက်ဆုံးနေတဲ့ ဖြစ်စဉ် မနေ့က ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ ဒူရိန်ကျေးရွာ အနီးမှာဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဘားအံ လူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

အခုအခါ မြဝတီဘက်ကိုတက်မယ့်ယာဉ်တွေ မြဝတီ အာရှလမ်းမကြီးကနေ သွားလာလို့မရဘဲ ဒေါနတောင် တောလမ်းဘက်ကနေ ခရီးသည်တင်ကားတွေနဲ့ ကုန်စည်တင်တဲ့ ယာဉ်ငယ်တွေသားလာနေရတဲ့အတွက် ဂျိုင်းမြစ်ကိုဖြတ်ပြီး ဒူရိန် ကျေးရွာ ဒူရိန်ဆိပ်ကမ်းကနေ တစ်ဖက်ကမ်း ဒေါ်လမ်းကျေးရွာ ကွမ်ဖော်ဆိပ်ကို ဟိုးယခင်ကအတိုင်း ဖောင်နဲ့ပြန်လည်ကူးသန်းသွားလာနေကြရတာပါ။ မြိုင်ကလေး – ဒူးရင်းဆိပ်တံတားရှိပေမယ့် တံတားထိပ်မှာ ကားအမြင့်ဖြတ်သန်းဖို့ သတ်မှတ်ချက်ကို ၈ ပေ အမြင့်သတ်မှတ်ပြီး သံဘောင်တပ်ထားတာကြောင့် ကားခေါင်မိုးပေါ်မှာ အခြားဝန်စည်စလှယ်တင်ဆောင်လို့မရတဲ့အတွက် အခုလို ဖောင်နဲ့ ဖြတ်ကူးကြတာလို့လည်း သိရပါတယ်။

အခင်းဖြစ်နေရာမှာ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဘားအံလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက “မနေ့က ညနေ ၆နာရီလောက်မှာတော့ ကားကိုပြန်ဆယ်နိုင်တယ်။ ဖောင်ကူးနေတဲ့အချိန်ဆိုတော့ ယာဉ်ပေါ်မှာ ယာဉ်မောင်းတစ်ဦး ဝန်စည်စလယ်တွေပဲပါတာပေါ့။ အရင်ကလည်း ဒီလိုကူးသန်းသွားလာနေတာပါပဲ။ အခုက ဘရိတ်ချော်တာမို့ မြစ်ထဲထိုးကျတာ။ ယာဉ်မောင်းကတော့ပျောက်နေတာမို့ ပြန်ပေါ်လာတဲ့အချိန်ပဲ စောင့်ရတော့မှာပဲ။ အမှန်တော့ သက်ကယ်အင်္ကျိတွေ ဘာတွေ ဆောင်ရမယ်၊ ဝတ်သင့်တယ်ပေါ့နော်။ ဒါဆို မတော်တဆ ဖြစ်စေဦးတော့ အသက်ရှင်ဖို့ ရာခိုင်နှုန်းများတာပေါ့ “ လို့ MT News ကို ပြောပါတယ်။

ရေထဲထိုးကျ နစ်မြှပ်ခဲ့တဲ့ကားမှာ မြို့ရွှေထားဝယ် ခရီးသည်တင်ယာဉ် Toyota Hiace အမျိုးအစားဖြစ်ပြီး ည ၈ နာရီ အချိန်မှာ ကားကို မြေပြင်ပေါ်ပြန်လည်ဆယ်တင်နိုင်ခဲ့ကာ ယာဥ်မောင်းကို ဆက်လက်ရှာဖွေပေမဲ့ ည ၁၁ နာရီအထိ ရှာဖွေတွေ့ရှိခြင်းမရှိတာကြောင့် ယနေ့မနက်ပိုင်းမှာတော့ မြစ်အတွင်း ရေစီးအတိုင်း ရုပ်အလောင်းပေါ်လာနိုင်မယ့်နေရာတွေကို လိုက်လံကြည့်ရှုရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *