October 21, 2024

၆. ၄. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး လိုက်ပါလာတဲ့ ကား ၁ စီးကို ဝမ်းတွင်း PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ချိန်မှာ မြို့နယ်မှူး အပါအဝင် လိုက်ပါလာသူ ၄ ဦးစလုံး သေဆုံးသွားတယ်လို့ တိုက်ခိုက်တဲ့ Wundwin Township Revolution Force – WTRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို မနေ့က ဧပြီလ ၅ ရက် ည ၇ နာရီခန့်က ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာနဲ့ ထနောင်းကုန်း ကျေးရွာကြားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဝမ်းတွင်း PDF က ထုတ်ပြန်ထားတဲ့ရုပ်သံမှာလည်း ညအမှောင်ထဲမောင်းနှင်လာတဲ့ကားကို မိုင်းဆွဲခဲ့လို့ ပေါက်ကွဲပျက်စီးမှုပြင်းထန်ခဲ့တာ တွေ့ရပါတယ်။

ဒီဖြစ်စဥ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ ဦးစီးပြီး ရဲတပ်သား ၄ ဦးလိုက်ပါလာတဲ့ Airwave ယာဥ်၊ မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးက ဒုရဲအုပ် ကျော်စိုးသင်းဦးစီးပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးပါတဲ့ Surf ခဲရောင်ယာဉ်၊ ဗိုလ်ကြီး နေဝင်းချစ် ဦးစီးအဖွဲ့က CRV အပြာရောင်၊ ဗိုလ်ကြီး ဝေယံကျော် ဦးစီးအဖွဲ့ရဲ့ Toyota Venza အဖြူရောင်နဲ့ ဗိုလ်ကြီး ဝင်းရှိန် ဦးစီးအဖွဲ့ လိုက်ပါလာတဲ့ မော်တော်ယာဥ် ၄ စီးဟာ ကျင်းရွာကျေးရွာက မတ်လ ၅ ရက် ညနေ ၅ နာရီကျော်အချိန်မှာ ထွက်ခွာခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ လိုက်ပါလာတဲ့ယာဥ်က နယ်မြေထောက်လှမ်းပြီး ရှေ့ဆုံးက ထွက်ခွာသွားပြီး ကျန်မော်တော်ယာဉ် ၃ စီးက မိနစ် ၃၀ ခန့်အကြာ နောက်က လိုက်ပါလာခဲ့​​တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒီလိုထွက်ခွာလာရာမှာ ရဲမှူးဝင်းကျော်သူလိုက်ပါလာတဲ့ ယာဥ်ဟာ ဝမ်းတွင်းမြို့နယ်၊ နတ်နန်းကျေးရွာအဝင် တံတားအရောက်မှာ ဝမ်းတွင်း PDF တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ကားတစ်စီးလုံးထိခိုက်ပျက်စီးတဲ့အပြင် လမ်းအရှည် ၁၅ ပေခန့်၊ အနံ ၈ ပေခန့် ပျက်စီးသွားပြီး ယာဉ်ပေါ်ပါလာတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ၊ ရဲတပ်သား ရန်ကျော်(ယာဉ်မောင်း)၊ ရဲတပ်သား သက်ကိုအောင်၊ ရဲတပ်သား ဟိန်းကိုကို တို့ မိုင်းပေါက်ကွဲတဲ့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်​နေရာမှာ ကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် ရဲမှူး ဝင်းကျော်သူ ကိုင်ဆောင်တဲ့ MA -13 ၁ လက်၊ ကျည် ၁၀၀ တောင့်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၁၂ တောင့်၊ ရဲတပ်သား ရန်ကျော်(ယာဉ်မောင်း) ကိုင်ဆောင်တဲ့ BA-72 ၁ လက်၊ ကျည် ၁၀၀ တောင့်၊ ရဲတပ်သား သက်ကိုအောင် ကိုင်ဆောင်တဲ့ BA-63 ၁ လက်၊ကျည် ၁၀၀ တောင့်၊ ရဲတပ်သား ဟိန်းကိုကို ကိုင်ဆောင်တဲ့ BA-63 ၁ လက်၊ ကျည် ၁၀၀ တောင့်ကို WTRF အဖွဲ့က လုယက်ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *