October 21, 2024

၆.၄.၂၀၂၄
Written by Tha Doe

(၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတွေကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘမ်မြို့မှာ ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၅ ရက်အထိ ကျင်းပရာမှာ မူရင်းဖိတ်ကြားခံထားရတဲ့ SAC အစိုးရကို တက်ရောက်ခွင့်ပယ်ချပြီး NUG ကိုသာတက်ခွင့်ပေးဖို့ NUG ထောက်ခံတဲ့အဖွဲ့အစည်းအသီးသီးက စာရေးသားတောင်းဆိုခဲ့ပေမဲ့ အဖက်လုပ်တုံ့ပြန်မခံရဘဲ SAC အစိုးရကပဲ တက်ရောက်ခွင့်ရခဲ့တဲ့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးအားလုံး အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

NUG ရဲ့ တောင်းဆိုချက်ကို ပယ်ချပြီး SAC အစိုးရကိုပဲ တက်ရောက်ခွင့်ပြုခဲ့တဲ့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးကို ဒုတိယဝန်ကြီးချုပ်နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး အဖွဲ့ဝင်ဖြစ်တဲ့ စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းဟာ ဧပြီ ၂ ရက်မှာ ကျင်းပတဲ့ အာဆီယံဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးတွေ တက်ရောက်ခဲ့ပါတယ်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်ဟာ ဧပြီ ၃ ရက် မွန်းလွဲပိုင်းမှာ ကျင်းပတဲ့ အရှေ့တောင်အာရှဒေသအတွင်း ရာသီဥတုဖောက်ပြန်မှုနှင့်စပ်လျဉ်းသည့် ဘဏ္ဍာငွေပံ့ပိုးမှုကို တိုးချဲ့ဆောင်ရွက်ရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲမှာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ အမြင်ချင်းဖလှယ်ညှိနှိုင်းဆွေးနွေးခဲ့သလို ညနေပိုင်းမှာ လာအိုဗဟိုဘဏ်ဥက္ကဋ္ဌက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း အာဆီယံဘဏ္ဍာရေးဝန်ကြီးတွေ ဗဟိုဘဏ်ဥက္ကဋ္ဌတွေနဲ့ တက်ရောက်ခဲ့ပါတယ်။

ဧပြီ ၄ ရက် နံနက်ပိုင်းမှာ အာဆီယံ – အီးယူစီးပွားရေးကောင်စီ၊ အာဆီယံ – အမေရိကန်စီးပွားရေးကောင်စီနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီအစည်းအဝေးတွေကို သီးခြားစီကျင်းပရာ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ဆောင်ရွက်နေတဲ့ ပေါင်းစည်းထားတဲ့ အာဆီယံအသိုက်အဝန်းတစ်ခုဖြစ်ပေါ်လာရေးကို ပံ့ပိုးဆောင်ရွက်ရာမှာ အာဆီယံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးပေါင်းစည်းဆောင်ရွက်မှုနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ (ASEAN Economic Community Blueprint 2025) အကောင်အထည်ဖော်မှုတို့နဲ့စပ်လျဉ်းပြီး ရည်မှန်းထားတဲ့ရလဒ်ရရှိရေးဆိုင်ရာအစီအစဉ်တွေ၊ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်တွေ၊ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးကဏ္ဍပေါင်းစည်းမှုအတွက် ဆောင်ရွက်မဲ့ Strategic Action Plan ဆိုင်ရာ ကိစ္စရပ်တွေ၊ အာဆီယံဒေသတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ညှိနှိုင်းဆွေးနွေးကြပါတယ်။

မွန်းလွဲပိုင်းမှာ အာဆီယံဘဏ္ဍာရေးဝန်ကြီးတွေ သီးသန့်ဆွေးနွေးပွဲကျင်းပရာမှာ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံဟာ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် နိုင်ငံ၏စီးပွားရေး ထိခိုက်ခဲ့ပေမဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ အနည်းငယ်ပြန်လည် တိုးတက်ကောင်းမွန်လာတာ၊ အစိုးရအနေနဲ့ စီးပွားရေးဦးတည်ချက်တွေ ချမှတ်ပြီး SME လုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင် အဓိကထားဆောင်ရွက်နေတာနဲ့ အာဆီယံရဲ့လုပ်ငန်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခြေအနေတွေကို ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာအိုဘဏ္ဍာရေးဝန်ကြီးက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲသို့ အာဆီယံဘဏ္ဍာရေးဝန်ကြီးတွေ ဗဟိုဘဏ်ဥက္ကဋ္ဌတွေနဲ့ တက်ရောက်ခဲ့သလို အဲဒီနေ့နံနက်ပိုင်းမှာ အာဆီယံအပေါင်းသုံး ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကိုလည်း သီးခြားကျင်းပခဲ့ကြပါသေးတယ်။

ဧပြီ ၅ ရက် နံနက်ပိုင်းမှာ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အာဆီယံဘဏ္ဍာရေးဝန်ကြီးတွေနဲ့ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ဘဏ္ဍာရေးကဏ္ဍပေါင်းစည်းမှုအတွက် ဆောင်ရွက်မဲ့ Strategic Action Plan ဆိုင်ရာကိစ္စရပ်တွေ၊ အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် တင်ပြလာကြတဲ့ကိစ္စရပ်တွေကို ဘဏ္ဍာရေးဝန်ကြီးတွေက ညှိနှိုင်းဆွေးနွေးကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မဲ့ လုပ်ငန်းအစီအစဉ်တွေ ရေးဆွဲအတည်ပြုကြပါတယ်။

မွန်းလွဲပိုင်းမှာ (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို ကျင်းပရာ အာဆီယံဘဏ္ဍာရေးဝန်ကြီးတွေ၊ ဗဟိုဘဏ်ဥက္ကဋ္ဌတွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများနှင့် သက်ဆိုင်သည့် အာဆီယံစီးပွားရေးအသိုက်အဝန်းစောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အေအီးစီလမ်းပြမြေပုံ ၂၀၂၅ အကောင်အထည်ဖော်မှု၊ အာဆီယံအသိုက်အဝန်းဆိုင်ရာမျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် အာဆီယံဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ပေါင်းစည်းမှုစောင့်ကြည့်လေ့လာအစီရင်ခံစာ၊ ASEAN Treasury Forum ထူထောင်ရေးညှိနှိုင်းဆွေးနွေးမှုများ၏ တိုးတက်မှုအခြေအနေ၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေးက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် တင်ပြလာကြတဲ့ကိစ္စရပ်တွေနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြပြီး (၁၁)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး ပူးတွဲကြေညာချက်ကို အပြီးသတ်ဆွေးနွေး အတည်ပြုခဲ့ကြပါတယ်။

အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို နှစ်စဉ် ဧပြီလမှာကျင်းပပြီး ယခုနှစ်မှာ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်သလို လာမဲ့နှစ်မှာ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

ပုံစာ။ လာအိုနိုင်ငံတွင်ကျင်းပသည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ခဲ့သည့် SAC အစိုးရအဖွဲ့ ကိုယ်စားလှယ်များ မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *