၅. ၄. ၂၀၂၄
Written by Shwe Phyo
အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီထောက်ပံ့ပေးနေပြီး ရခိုင်ပြည်နယ်မတည်ငြိမ်စေရန် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်ဆီလီ နီဘန်ဇီယာက ဧပြီ ၄ ရက်နေ့တွင်ပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ထည့်သွင်းပြောဆိုလိုက်သည်။
ရုရှားသံအမတ်ကြီးက” မြန်မာနိုင်ငံဟာ ကျွန်တော်တို့နဲ့ ကာလအတန်ကြာ ဆက်ဆံနေတဲ့ မိတ်ဆွေနိုင်ငံဖြစ်သလို အနီးစပ်ဆုံး မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအခက်အခဲတွေက နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုမရှိပါဘူး” ဟု ပြောသည်။
ရုရှားသံအမတ်ကြီး ဗက်ဆီလီ နီဘန်ဇီယာက အနောက် အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့ပေးနေသလို ရခိုင်ပြည်နယ်မတည်ငြိမ်စေရန် လုပ်ဆောင်နေကြောင်း၊ အနောက်အုပ်စုနိုင်ငံများသည် ဒေသအတွင်းတွင် ၎င်းတို့နှင့်ပတ်သက်ပြီး ပထဝီနိုင်ငံရေးအခွင့်အရေးကောင်းများ ရယူနိုင်ရန် နေရပ်စွန့်ခွာနေထိုင်နေရသူများအတွက် ခိုလှုံရေးစခန်းများလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကြားတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘာယာက SAC အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ” မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်အောင် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေနဲ့အတူ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ငြင်းဆန်နေတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မေ့ပျောက်ပစ်တာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး” ဟုပြောသည်။
ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦး အမြန်ဆုံးခန့်အပ်နိုင်ရန် စီစဉ်နေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသည့် အဓိကနိုင်ငံများနှင့်တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေကြောင်း ပြောသည်။
Ref, seattletimes
