MT News
၅.၄. ၂၀၂၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန်(၁)လမ်းနဲ့ ရန်ကုန်-မန္တလေးလမ်းမကြီးလမ်းထောင့်ရှိ မဟာအောင်မြေလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးကို PDF တွေက ဒီနေ့မှာ လက်လုပ်ဗုံးနဲ့ ပစ်ခတ်တာကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAC ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ညမှာ ထုတ်ပြန်လာပါတယ်။
ဖြစ်စဉ်မှာ CRPH၊ NUG တို့လက်ဝေခံ PDF ၂ ဦးဟာ ဒီနေ့မွန်းလွဲပိုင်းမှာ ဆိုင်ကယ် ၁ စီးနဲ့ ကျွဲဆည်ကန်(၁)လမ်းအတိုင်း အနောက်ကနေ အရှေ့ဘက်ဆီ မောင်းနှင်လာပြီး မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန်(၁) လမ်းနဲ့ ရန်ကုန်-မန္တလေးလမ်းကြီးလမ်းထောင့်က မဟာအောင်မြေလူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်းကို လက်လုပ်ဗုံးနဲ့ ရက်စက်ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ဒီလိုမျိုး တိုက်ခိုက်မှုကြောင့် ရုံးအတွင်းမှာ နိုင်ငံသားစိစစ်ရေးဆိုင်ရာလုပ်ငန်းစဥ်တွေ လာရောက်လုပ်ဆောင်နေတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဗုံးစထိမှန် သေဆုံးကာ ဝန်ထမ်း ၄ ဦးနဲ့ ဒေသခံပြည်သူ ၅ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများစွာ ရရှိခဲ့တာပါ။ အဆိုပါ ဗုံးစထိမှန်ဒဏ်ရာရရှိသူတွေကို မန္တလေးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပြီး ပြည်သူကြားဗုံးပစ်ခတ်တဲ့ PDF အဖွဲ့တွေ ဖမ်းဆီးနိုင်ဖို့လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။