၅. ၄. ၂၀၂၄
Written by Nay Moe
စလင်းမြို့နယ် မန်းကျီးပြားအုပ်စု ကျေးရွာ ၁၀ ရွာရဲ့အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးစိုးကို စလင်း PDF နှစ်ဖွဲ့ပေါင်းပြီး သတ်ဖြတ်လိုက်တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
စလင်းမြို့နယ် မန်ကျီးပြားအုပ်စု ကျေးရွာအတွင်းက လူငယ် (၃) ယောက်ကို စစ်မှုထမ်းဖို့ စေခိုင်းခဲ့တာကြောင့် မန်းကျီးပြားအုပ်စု (၁ဝ) ရွာစု အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးစိုး အသက် (၅၀) ဝန်းကျင်ကို စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း ပကဖ) နဲ့ ဒေါင်းစစ်အောင် Local PDF တို့ ပူးပေါင်း ဖမ်းဆီးဖို့သွားရောက်ချိန် ထွက်ပြေးတိမ်းရှောင်လို့ မနေ့က ည ၈ နာရီ အချိန်ခန့်မှာ ပစ်ခတ်သတ်ဖြတ်လိုက်တာလို့ သိရပါတယ်။
စလင်းပကဖဟာ စစ်မှုထမ်းဖို့လုပ်ဆောင်သူတွေကို လိုက်လံသတ်ဖြတ်နေတာဖြစ်ပြီး လက်ရှိသတ်ဖြတ်ခံရသူဦးအောင်ဌေးစိုးက တတိယမြောက်သတ်ဖြတ်ခံရတာပါ။
ပထမဆုံး စလင်းပကဖသတ်ဖြတ်လိုက်တာက မတ်လ ၁၈ ရက် ည ၁၀ နာရီခွဲခန့်မှာ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပုခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးဟာ ကျေးရွာနေ ပြည်သူတွေကို အသံချဲ့စက်နဲ့ စစ်မှူထမ်းဖို့ နှိုးဆော်ရှင်းပြနေချိန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလစ်ဝင် ပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။
ဒုတိယသတ်ဖြတ်လိုက်တာက စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ ကျွဲခြံအုပ်စု၊ ကျွဲခြံရွာက ဦးမြင့်အောင်ဆိုသူကို စစ်မှုထမ်းဖို့နဲ့ပျူစောထီး(ပြည်သူ့စစ်) သင်တန်းအတွက် ကျွဲခြံအုပ်စုအတွင်း စည်းရုံးရေးဆင်းပေးနေပြီး ပြည်သူအပေါ် ကုတ်သွေးစုပ်မှု ပြုလုပ်နေတယ်လို့ အကြောင်းပြချက်ပေးပြီး မတ်လ ၂၆ ရက် ည ၉ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ဦးမြင့်အောင်ကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ-စလင်း)က သတ်ဖြတ်လိုက်ပြီး သူ့ဆီက ဖုန်းတွေလည်း လုယက်ခဲ့တယ်လို့ စလင်းပကဖက ပြောခဲ့သေးတာပါ။