October 23, 2024

ခွေးဘီလူးယာဥ် မီးလောင်နေမှုအား တွေ့ရစဥ်

၁၀. ၁၂. ၂၀၂၂

Written by Naing Thuta

ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လည်ပိုင်းက မန္တလေးမြို့တွင် ရွေ့လျားဓာတ်ဆီရောင်းသည့် ခွေးဘီလူးမော်တော်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက်အမှတ် (၃၄၈)၊ အနောက်ကမ်းနားလမ်း (မြို့ပတ်လမ်း)၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ ဂေါဝိန်ဆိပ်အနီးတွင် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးရောင်းချနေသောဓာတ်ဆီရောင်းသည့်ခွေးဘီလူး မော်တော်ကားတစ်စီးသည် ပန့်ဖြင့်မောင်းတင်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုအား မဟာအောင်မြေမြို့နယ်မီးသတ်ဌာနမှ ဦးစီးမှူး ဦးညွန့်ဝင်းအောင်ပါ သ‌န္ဓေတပ်ဖွဲ့ဝင် ၃၈ ဦး၊ အရန်မီးသတ် ၇၀၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများအပါအဝင် မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မူယာဉ် ၃ စီး ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၂၉ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဌာနမှ ဦးစီးမှူး ဦးညွန့်ဝင်းအောင်ထံမှ သိရသည်။

မီးလောင်ရသည့်အကြောင်းရင်းမှာ ဓာတ်ဆီလဲလှယ်ရာမှ ဆီစုတ်မော်တာအပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ပြီး ၎င်းမီးလောင်ကျွမ်းမှုကြောင့် ခွေးဘီလူးကား ၁ စီး(ကာလ တန်ဖိုး သိန်း ၄၀)၊ 92 ဓာတ်ဆီဂါလံ ၁၅၀ (ကာလတန်ဖိုး ၁၂ သိန်းကျပ်)၊ စုစုပေါင်းကာလတန်ဖိုး ၅၂ သိန်းကျပ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

၎င်းမီးပေါ့ဆမှုကြောင့် အသက် ၃၄ နှစ်အရွယ်အမျိုးသားအား ဥပဒေအရလုပ်ထုံးလုပ်နည်းများဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *