October 18, 2024

၅. ၄. ၂၀၂၄
Written by Nyein Kyaw

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် (ကြာသပတေးနေ့) နံနက် ၁၂ နာရီ ၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်ဘုရားကြီးသည် သက်တော် ၉၆ နှစ်၊ ဝါတော် ၇၇ ဝါ အရောက် သာသနာတော် ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူလျက်ရှိစဉ် ဘဝနတ်ထံ ပျံလွန်တော်မူတော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား ဧပြီလ ၆ ရက် (မနက်ဖြန်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြပြီးနောက် ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့တွင် ပါဝင်သည့် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများနှင့် ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူသည့် မိုင်းဖုန်းဆရာတော်ကြီးတို့အား ဖူးမြော်ကြည်ညိုရာ ဆရာတော်ကြီးများက SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *