October 18, 2024

၅.၄.၂၀၂၄
Translated by Htwe Ko Tun

တက္ကဆက်ပြည်နယ်၊အန်တိုနီယိုမြို့ရှိ Trinity တက္ကသိုလ်ကို ဒေါ်လာ ၄၂၀,၆၉၉,၀၀၀ အလွဲသုံးစားပြုခဲ့မှုနဲ့ စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ ပြည်ထောင်စု စုံစမ်းထောက် လှမ်းရေးဗျူရို(FBI) ညွှန်ကြားရေးမှူး ဝစ်စတိုဖာဘီ ကရေးက ဧပြီလ ၁ ရက်မှာ ဝါရှင်တန်မြို့ရှိ FBI ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ လူသိရှင်ကြားကြေညာချက်ထုတ် ပြောဆိုလိုက်ပါတယ်။

ကရေး ရဲ့ သတင်းစာရှင်းပွဲမှာ ဒီလိုဖွင့်ဟပြောခဲ့တာက အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့်ပညာရေး လောကအတွင်း ဒေါသဖြစ်မှု၊ ဝေဖန်ဆန်းစစ်မှုနဲ့ အမှန်အတိုင်းသိမြင်စေမှုအတွက် လှုံ့ဆော်ပေးသလို ဖြစ်ခဲ့စေတယ်လို့လည်းဆိုပါတယ်။ Trinity တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗာဘက်ဇာကတော့ ထိုကိစ္စအပေါ် တစ်စုံတစ်ရာဝေဖန်ပြောကြားမှုမပြုသေးပါဘူး။ ဒါကြောင့်လည်း ကျောင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ကျောင်းသားဟောင်းတွေကြား သို့လောသို့လော ဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။

ကရေးက Trinity တက္ကသိုလ်ရဲ့ ဝင်ငွေတွေမှာ ရှေ့နောက်မညီဖြစ်နေတာကို ပြည်တွင်းအခွန်ဌာနက တွေ့ရှိပြီးတဲ့အချိန် လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်ကစလို့ စုံစမ်းထောက်လှမ်းမှုကို ပြုလုပ်လာခဲ့တာလို့ ဆိုပါတယ်။ ကရေးက FBI အနေနဲ့ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်စာရွက်စာတမ်းတွေကို စုဆောင်းနိုင်ဖို့ တရားရေးဌာနနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် နှစ်အတော်ကြာ စောင့်ကြည့်ခဲ့တဲ့အခါမှာ အမည်မဖော်ပြတဲ့ လူပုဂ္ဂိုလ်တွေက ဆွစ်ဇာလန်ဘဏ်တွေကနေ နိုင်ငံရပ်ခြားအကောင့်မျိုးစုံနဲ့ ငွေလွှဲမှုတွေပြုလုပ်ခဲ့ကြတာ တွေ့ရတယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။ ကရေးက ပြောခဲ့တာမှာ အဖြစ်အပျက်ရဲ့ အပေါ်ယံမျှသာရှိသေးပြီး အမည်တွေကိုထုတ်မပြောခဲ့သေးပါဘူး။ ဒါပေမယ့် ဒါရိုက်တာအဖွဲ့က ဒီကိစ္စမှာ ပါဝင်ပတ်သက်နေမည်မှာ သံသယရှိစရာ မလိုပါလို့ ဆိုခဲ့ပါတယ်။ ဒီမှာ ကရေးက ဒီလိုငွေအလွဲသုံးစားမှုတွေက တီထွင်ဉာဏ်ကောင်းကောင်းနဲ့ ဆောင်ရွက်ကြတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်လို့ ပြောသွားခဲ့ပါသေးတယ်။

ကရေးက ဒီအလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်နေသူတွေကိုတော့ “တရားဥပဒေကနေပြေးလို့မလွတ်နိုင်ပါဘူး။ ကျွန်တော်တို့က ခင်ဗျားတို့ကိုတွေ့မှာပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

Re-trinitonian.com

Leave a Reply

Your email address will not be published. Required fields are marked *