၅. ၄. ၂၀၂၄
Written by Ye Kyaw
လက်ရှိတွင် စက်သုံးဆီ ဝယ်ယူရန်အခက်အခဲဖြစ်ပေါ်နေမှုသည် သီလဝါတွင် စက်သုံးဆီ မရှိခြင်းကြောင့် မဟုတ်ဘဲ PO (Purchase Order) ခွဲတမ်းနှင့် ထုတ်ယူရေး အခက်အခဲကြောင့်သာဖြစ်၍ PO ရက်ပြည့်သည့် မနက်ဖြန်တွင် ပုံမှန်အတိုင်း အဆင်ပြေသွားမည်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
“သီလဝါမှာက ဆီရှိတယ်။ အခုက PO ကြောင့် PO ထုတ်တာမှာ နည်းနည်းအခက်အခဲရှိနေလို့ မနက်ဖြန်ဆို PO ထုတ်ရရင် အဆင်ပြေသွားမှာပါ။ အခုတော့ ပရီမီယံဒီဇယ်ပဲ ဝယ်လို့ရမယ်” ဟု တာမွေမြို့နယ်ရှိ နာမည်ကြီးဆီဆိုင်မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် စက်သုံးဆီဆိုင်များအား PO ခွဲတမ်းထုတ်ပေးခြင်းကို ပြီးခဲ့သည့် တစ်ပတ်အတွင်း ရောင်းချခဲ့သည့် ရောင်းအားအပေါ် မူတည်၍ ခွဲတမ်းချပေးကာ သုံးရက်အတွင်း ထုတ်ယူရခြင်းကြောင့် စက်သုံးဆီတစ်ဆိုင်နှင့် တစ်ဆိုင်တွင် PO ခွဲတမ်း ရရှိမှု မတူညီကြောင်း၊ ခွဲတမ်းရရှိမှုနည်းသည့် ဆီဆိုင်အနည်းငယ်သာ ဆီကုန်သွား၍ ခေတ္တပိတ်ထားရခြင်းဖြစ်ပြီး အခြားဆိုင်များမှာမူ ပုံမှန်အတိုင်း ရောင်းချပေးနေကြောင်း သိရသည်။
“PO ခွဲတမ်းက သုံးရက်စာပေါ့။ 92 ကို အများဆုံးပေးတယ်။ ကျွန်တော်တို့ဆိုင်ဆို ဂါလန် ၃,၀၀၀ ပေါ့။ ကျန်တဲ့ ဆီအမျိုးအစားတွေကတော့ ဂါလန် ၁,၅၀၀ တွေရော ၁,၀၀၀ ရော၊ ၈၀၀ တွေပေါ့။ အဲဒီမှာ နှစ်ရက်ပဲရှိသေးတယ် မနေ့က ခွဲတမ်းရတဲ့ဆီ ကုန်သွားတဲ့အခြေအနေပေါ့။ ကျွန်တော်တို့ဆို သီလဝါမှာ Terminal မရှိဘူး။ လှောင်ကန်မရှိဘူး။ အဲဒါတွေရှိတဲ့ဆိုင်တွေဆို ပိုလည်းရတယ်။ ထုတ်ရင်လည်း သူတို့ကအရင်ထုတ်လို့ရတယ်။ အခုဆို ကျွန်တော်တို့ပဲ ရပ်ထားတာ။ အရှေ့ကဆိုင်ဆို ရောင်းနေတာပဲလေ။ ဒီနေ့က PO နောက်ဆုံးရက်ဆိုတော့ မနက်ဖြန် မနက်ဆို PO ခွဲတမ်းထုတ်တဲ့ ဆီတွေ မနက်စောစောဆို ရောက်ပြီ။ အဲဒီကြရင် အဆင်ပြေသွားမှာ” ဟု နာမည်ကြီးဆီဆိုင်မဟုတ်သည့် ဆီဆိုင်ငယ်မှ တာဝန်ရှိသူက ပြောသည်။
စက်သုံးဆီများကို ဈေးနှုန်းအတက်အကျ စောင့်ဆိုင်းပြီး ထုတ်ယူမှုများ မဖြစ်ပေါ်စေရန် သွင်းကုန်ကုမ္ပဏီများ အောက်မှ ဝယ်ယူခွင့်ရရှိသည့် ဆီဆိုင်/ကုမ္ပဏီများ၊ SMEs ဆီဆိုင်များအနေဖြင့် စက်သုံးဆီမှာယူထားသည့်ခွဲတမ်း PO (Purchase Order) များအား သုံးရက်အတွင်း ထုတ်ယူရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။
ဧပြီလ ၅ ရက် (ယနေ့)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၇၉၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၉၀၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၄၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၄၄၅ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။