MT News
၅. ၄. ၂၀၂၄
မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ အပါအဝင် မြန်မာ့အငြိမ်းစားခေါင်းဆောင်ကြီးတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Mr. Chen Hai သွားရောက်တွေ့ဆုံခဲ့တဲ့သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေအပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးမောင်အေးနဲ့ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်တို့ ပါဝင်ခဲ့သလို မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ တရုတ်- မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင်နဲ့ အခြား လူပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံမှုအတွင်း တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံမှာနှစ်စဥ် မတ်လမှာလုပ်ဆောင်တဲ့ Two Sessions အစည်းအဝေးအကြောင်း၊ တရုတ်ပုံစံဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံနဲ့ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ဖို့အပြင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနဲ့ ပြည်သူတွေ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံက ဆက်လက် ကူညီပေးနိုင်ရေးတို့ကို ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။