၅. ၄. ၂၀၂၄
Written by Shwe Phyo
နိုင်ငံပေါင်း ၄၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီအဖွဲ့သည် အီရန်နှင့်မြန်မာနိုင်ငံတို့အပေါ် ဖိအားပေးခြင်းများဆက်လက်လုပ်ဆောင်ရန်သဘောတူညီခဲ့ပြီး နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာအစိုးရက လူ့အခွင့်အရေးချိုးဖောက်ရန် လေယာဉ်ဆီအသုံးပြုခြင်းများရှိနေသည်ဟု ယုံကြည်ပါကမြန်မာနိုင်ငံသို့ လေယာဉ်ဆီရောင်းချခြင်း၊ သို့မဟုတ် တင်ပို့ပေးခြင်းများ ရှောင်ရှားစေလိုကြောင်း တိုက်တွန်းတောင်းဆိုထားသည်။
ထို့အပြင် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ၊ ကျည်ဆံများ တရားမဝင်လွှဲပြောင်းပေးခြင်းများကို ရပ်တန့်စေလိုကြောင်းလည်း ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီက တိုက်တွန်းတောင်းဆိုသည်။
နိုင်ငံတကာအဖွဲ့စည်းတစ်ခုဖြစ်သော Amnesty International ကလည်း မြန်မာနိုင်ငံသို့ သင်္ဘောများဖြင့် လေယာဉ်ဆီများ တရားမဝင်တင်ပို့မှုများရှိနေကြောင်း၊ပြီးခဲ့သောနှစ်အတွင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီများပို့ဆောင်ခဲ့သော သင်္ဘော အနည်းဆုံး ၇ စင်းရှိခဲ့ပြီး ယင်းသင်္ဘောများက ဗီယက်နမ်နိုင်ငံနှင့် ဆက်နွှယ်နေကြောင်း၊ ထုတ်ဖော်ပြောဆိုခဲ့သည်။
လူ့အခွင့်ရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံသည် လူ့အခွင့်ရေးကောင်စီဝင်နိုင်ငံများ၏ အများဆန္ဒနည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်မှုမရှိကြောင်းဝေဖန်ပြစ်တင်မှုများလည်းရှိနေသည်။ ဗီယက်နမ်နိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ခြင်းများမလုပ်ဆောင်ရန် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ တိုက်တွန်းတောင်းဆိုချက်ကို ငြင်းဆန်ခြင်းမျိုးမရှိကြောင်း သိရသည်။
Amnesty International ၏ တာဝန်ရှိသူတစ်ဦးဖြစ်သော Iniyan Ilango က လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်နေသူများကို လေယာဉ်ဆီတင်ပို့ခြင်းများမလုပ်ဆောင်ရန် တားမြစ်ကန့်သတ်ချက်ကို ကြိုဆိုကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ထပ်မံပြီး လေကြောင်းတိုက်ခိုက်မှုများမဖြစ်စေရန်အတွက် မြန်မာနိုင်ငံသို့ လေယာဉ်ဆီများကို သင်္ဘောဖြင့် တင်ပို့ပေးနေခြင်းများ ဆိုင်းငံ့သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများသည် အီရန်၊ မြန်မာနိုင်ငံတို့နှင့်ပတ်သက်ပြီး ခန့်အပ်ထားသော ကုလသမဂ္ဂ၏လူအခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Ref, Channealnewsasia and timesofindia