၅. ၄. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မဟာအောင်မြေ လဝက ရုံးအတွင်းမှာ ဗုံးခွဲခံရပြီး လူ ၉ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ ဧပြီလ ၅ ရက်၊ မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်ခန့်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် (၁) လမ်းက မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးကို PDF တွေ ဗုံးခွဲတိုက်ခိုက်လို့ လ၀ကရုံးက ဝန်ထမ်း ၂ ဦး၊ နေ့စား ၁ ဦးနဲ့ အရပ်သားပြည်သူ ၆ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိတယ်လို့ ကနဦးသိရတာပါ။
“ဒီရက်ပိုင်းတွေက လဝကရုံးတွေမှာ လူငယ်တွေအများအပြားက နိုင်ငံကူးလက်မှတ်လုပ်ဖို့ လာနေကြတာ။ UID လည်း ယူနေကြတော့ အမြဲတမ်းလူပြည့်နေတာကို ပြည်သူတွေထိခိုက်အောင် လာပစ်ခွဲသလိုဖြစ်နေတယ်။ အခုလည်း ကျွန်တော်တို့သယ်ပေးတဲ့အထဲမှာ နှစ်ယောက်လောက်က အခြေအနေဆိုးတယ်။ လောလောဆယ်သိရတာက ၉ ယောက်ပဲ။ တခြားအဖွဲ့တွေသယ်တာရှိမရှိ မသိရသေးဘူး”လို့ ဖြစ်စဥ်ကူညီပေးခဲ့တဲ့ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဥ်မှာ MT News ကနဦးစုံစမ်းမှုအရ ကျွဲဆည်ကန် ၁ လမ်းကနေ အနောက်ဘက်ကနေ အရှေ့ဘက်ကို ရုပ်ဆိုးဆိုင်ကယ်နဲ့မောင်းနှင်လာတဲ့ အမျိုးသားနှစ်ဦးထဲက နောက်ကထိုင်လိုက်လာသူက ဗုံးနဲ့ပစ်သွားတာလို့လည်း သိရပြီး တရားခံတွေက လွတ်မြောက်သွားတယ်လို့ကြားသိရသလို ဖြစ်စဥ်အသေးစိတ်ကို MT News က ဆက်လက်စုံစမ်းနေပါတယ်။