၅.၄.၂၀၂၄
Written by TZ
မွန်ပြည်နယ်၊ မုဒုံမြို့၊ ကွမ်းလျာကျေးရွာတွင် အမျိုးသားတစ်ဦး ငါးမျှားရာမှတစ်ဆင့် ငါးမှာကျွင်းထဲသို့ ဝင်သွားသောကြောင့် ထိုငါးကို လက်ဖြင့်နှိုက်ရာ ပိုးထိ၍ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ အမျိုးသားက ဧပြီ ၄ ရက်နေ့တွင် ကွမ်းလျာကျေးရွာရှိ ရေမြောင်း၌ ငါးမျှားနေစဥ်အတွင်း ငါးမျှားချိတ်၌ မိနေသည့် ငါးအားကုန်းပေါ်သို့တင်ချိန် ထိုငါးမှာ ကျွင်းထဲသို့ ဝင်သွား၍ နှိုက်ရာမှ မြွေကိုက်ခံခဲ့ရခြင်းဖြစ်သည်။
“အစက ပိုးထိတယ် မထင်ဘူး။ ငါးခူဆူးတယ်ထင်နေတာ သူက။ နောက်မှ ဘေးနားကလူတွေကိုပြောတာ။ ငါးခူမဟုတ်ဘဲ မြွေကိုက်တယ်ဆိုပြီး။ သံဖြူဇရပ်ဆေးရုံမှာ မြွေဆိပ်ဖြေဆေးထိုးတယ်။ မကောင်းတော့ နောက် မော်လမြိုင်ဆေးရုံတင်တာ။ ဆေးရုံလည်းရောက် လူနာက အသက်မရှိတော့ဘူး။ ဘာမြွေလဲတော့မသိဘူး” ဟု ကွမ်းလျာကျေးရွာတွင် နေထိုင်သူတစ်ဦးကဆိုသည်။
ထိုသေဆုံးသည့် အမျိုးသားမှာ ကမာဝက်မြို့၊ ထောင်ကေးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။
Photo – Credit