October 20, 2024

၅.၄.၂၀၂၄
Written By Thandar

အောင်မြင်မှုရဲ့နောက်ကွယ် တေးသီချင်းနဲ့ ပရိသတ်တွေ ပိုမိုချစ်ခင်မှုကို ရရှိလာတဲ့ အဆိုတော် အိမ့်ချစ်ကတော့ 1991 သီချင်းက လက်ဝှေ့ကြိုးဝိုင်းထဲကလိုပဲ ကိုယ်ကျရှုံးချိန်တွေရှိသလို အောင်မြင်တာတွေလည်းရှိတာမို့ ဘဝကိုဆက်လက်ရှင်သန်သွားမယ်လို့ဆိုပါတယ်။

“ဒီသီချင်းလေးက ရေးထားတာ တော်တော်ကြာပြီ။ ထွက်မယ်ဆိုပြီးတော့ မထွက်ဖြစ်ခဲ့တာပါ။ ကြားထဲ ကာလ မကောင်းတော့ မထွက်ဖြစ်တာပါ။ သီချင်းလေး ခေတ်လည်း မနှောင်းခင် ကိုယ်လည်း အသက်အရမ်းမကြီးခင်လေးမှာ ထွက်ဖြစ်လိုက်တာပါ။ အိမ့်ချစ်က အောင်မြင်မှု နောက်ကွယ်လို့ သီချင်းလေးလုပ်ချင်ခဲ့တာပါ။ အိမ့်ချစ် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ ကိုယ့်ရဲ့ ကိုယ်ပိုင် သီချင်းတွေ ရှိချင်တာမို့ ဖန်တီးဖြစ်ခဲ့တာပါ။ အိမ့်ချစ်ရဲ့ ကိုယ်ပိုင်သီချင်းလေးကို နောက်တစ်ပုဒ်ပေါ့။အိမ့်ချစ်က လက်ဝှေ့တစ်ခါမှ မထိုးဖူးဘူး။ ဘဝဆိုတာတိုက်ပွဲပေါ့။ လက်ဝှေ့စင်မှာ တစ်ခါတလေ ကိုယ်ထိုးလိုက်နိုင်တာ ရှိသလို တစ်ခါတလေ ကိုယ်ကပြန် အထိုးခံရတာလည်းရှိတယ်ဆိုတာကို ဖန်တီးဖြစ်တယ်။ အိမ့်ချစ် ဘဝမှာဖြတ်သန်းလာခဲ့တာ အသက် ၃၃ ပြည့်တဲ့အထိ ကိုယ်ရှုံးနိမ့်တာလည်းရှိသလို ကိုယ်အောင်မြင်တဲ့အခါလည်းရှိတယ်။ ဒီသီချင်းက လက်ဝှေ့ကြိုး ဝိုင်းထဲကလို ဘယ်လိုပဲရှိရှိ ဘဝဆိုတာ ဆက်ရှင်သန်သွားရမှာပဲလေဆိုပြီး ရေးဖွဲ့ရိုက်ကူးထားတာပါ”လို့ အဆိုတော် အိမ့်ချစ်က ပြောပါတယ်။

 

1991 တေးသီချင်းက အိမ့်ချစ်ရဲ့ ဘဝအကြောင်းကို တည်ပြီးတော့ ရေးဖွဲ့ထားတယ်လို့ သိရပါတယ်။ 1991 သီချင်းကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် အသက် ၃၃ နှစ်ပြည့်မွေးနေ့မှာ ထွက်ရှိခဲ့ပြီး အိမ့်ချစ်ရဲ့ Birthday Show ကိုလည်း တပါတည်းကျင်းပခဲ့ပြီးလည်းဖြစ်ပါတယ်။

“အိမ့်ချစ်ကတော့ အောင်မြင်တာရော ကျရှုံးချိန်ရော နှစ်ခုတွဲမြင်လေ့ရှိတဲ့သူပါ။ အောင်မြင်မှုနောက်ကို လိုက်ပြီး ကိုယ့်ကြိုးစားခဲ့တာတွေကို မေ့တော့မယ်ဆိုရင်တော့ ကိုယ့်ရဲ့နာကျည်းမှုတွေ ကိုယ်ကျရှုံးခဲ့တာကို ပြန်တွေးဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် မလွတ်သွားအောင် ထိန်းရတာတွေရှိတယ်။ အိမ့်ချစ်အနေနဲ့ နောက်သီချင်းသစ်လေးတွေအတွက်လည်း ဖန်တီးနေပါတယ် ” လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *