October 20, 2024

၅. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံထဲ မှောင်ခိုလမ်းကြောင်းကတစ်ဆင့် တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၂၀ ကျော်ကို စွန့်ပစ်အိမ်တစ်လုံးထဲမှာ မနေ့က ဖမ်းမိခဲ့တယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကန်ချနပူရီခရိုင်ရဲတပ်ဖွဲ့မှူး ဗိုလ်ချုပ် နာကာရင် ဆူခွန်သဝတ်၊ ကန်ချနပူရီခရိုင် ဒုရဲမှူးကြီး ဘမ်ဂျုံအာမစ်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ကန်ချနပူရီမြို့၊ မောင်းခရိုင်၊ နောင်ဘူအာ ခရိုင်ခွဲ အမှတ် ၄ မှာ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ နိုင်ငံခြားသားတွေ တွေ့ရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်အရ သွားရောက် စစ်ဆေးခဲ့ရာ စွန့်ပစ်အိမ်တစ်လုံးကို တွေ့ခဲ့ရပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၁၂၃ ဦးကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၉၄ ဦးနဲ့ အမျိုးသမီး ၂၉ ဦး တို့ ပါဝင်တယ်လို့ သိရပြီး သူတို့ကို စုံစမ်းစစ်ဆေးဖို့ ကန်ချနပူရီရဲစခန်းကို ပို့ဆောင်ရာမှာ လူအရေအတွက် များပြားလွန်းတာကြောင့် တာဝန်ရှိသူတွေက ကုန်တင်ကားကြီးတစ်စင်းနဲ့ ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ လုပ်သားအုပ်စုဟာ ဆန်ခလာဘူရီခရိုင် နယ်စပ်တစ်လျှောက် မှောင်ခိုလမ်းကြောင်းကိုအသုံးပြုပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကာ ထိုင်းနိုင်ငံထဲရောက်ရှိချိန်မှာတော့ တစ်စုံတစ်ယောက်က ကားနဲ့ လာခေါ်ခဲ့ပြီးနောက် ဒီစွန့်ပစ်နေအိမ်ထဲမှာ ပုန်းအောင်းပြီး စောင့်ဆိုင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အလုပ်သမားအားလုံးဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်တွေနဲ့ ဒေသတွေမှာ အလုပ်လုပ်ကိုင်လိုကြသလို ထိုင်းနိုင်ငံထဲဝင်ဖို့ ပွဲစားခအနေနဲ့လည်း ခရီးအကွာအဝေးပေါ်မူတည်ကာ ဘတ် ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေကို သယ်ဆောင်လာတဲ့ ကားကို မောင်းနှင်လာသူကတော့ အလုပ်သမားအဖွဲ့ကို စွန့်ပစ်အိမ်မှာ မထားခဲ့ခင် ရဲအရာရှိတွေကို မြင်ပြီး ထွက်ပြေးသွားတယ်လို့ ယူဆရပါတယ်။

ကနဦးမှာ ကန်ချနပူရီရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက မြန်မာနိုင်ငံသားအလုပ်သမားအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူတို့အားလုံးကို မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; Matichon online

Leave a Reply

Your email address will not be published. Required fields are marked *