October 20, 2024

၅. ၄. ၂၀၂၄
Written by Shwe Phyo

တရုတ်စစ်တပ်သည် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသတွင် ကျည်အစစ်ဖြင့်ပစ်ခတ်သော စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ပြီးနောက် တရုတ်နှင့်မြန်မာနယ်စပ်ဒေသကို အမြင့်ဆုံးတပ်လှန့်လိုက်ကြောင်း တရုတ်စစ်တပ်၏ နေ့စဉ်သတင်းစာဖြစ်သော PLA Daily တွင် ဖော်ပြထားချက်အရ သိရသည်။

တရုတ်စစ်တပ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသောတိုက်ပွဲများသည် နှစ်နိုင်ငံစလုံးရှိ ဒေသခံများ ဘေးကင်းရေးအပြင် နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

တရုတ်စစ်တပ်က မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသကို အမြင့်ဆုံးတပ်လှန့်ထားပြီး နယ်စပ်ဒေသတစ်လျှောက်ကင်းလှည့်ခြင်းများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ တရုတ်စစ်တပ်သည် ပြီးခဲ့သောရက်ပိုင်းတွင် ယူနန်ပြည်နယ်၌ စစ်ရေးလေ့ကျင့်ခန်းနှစ်ရက်ကြာလုပ်ဆောင်ခဲ့ပြီး အဆိုပါစစ်ရေးလေ့ကျင့်ခန်းက မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာအငြင်းပွားမှုများ စတင်ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်နောက်ပိုင်း တရုတ်နယ်စပ်ဒေသတွင်ပြုလုပ်သော ဒုတိယအကြိမ်မြောက်စစ်ရေးလေ့ကျင့်ခန်းဖြစ်သည်။

တရုတ်စစ်တပ်က၎င်းတို့သည် ပြည်သူများဘေးကင်းစေရန်နှင့် နိုင်ငံအချုပ်အခြာအာဏာ ဘေးကင်းလုံခြုံစေရန်အတွက် လိုအပ်သောအစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

တရုတ်စစ်တပ်သည် ဧပြီ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော ယူနန်ပြည်နယ်တွင် ကြည်းတပ်နှင့်လေတပ်ပူးပေါင်းပြီးစစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ခဲ့ကာ အဆိုပါစစ်ရေးလေ့ကျင့်ခန်းက နယ်စပ်ဒေသ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာ၌ တရုတ်နိုင်ငံ၏စွမ်းရည်ပိုင်းပိုမိုကောင်းမွန်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

ထို့အပြင် တရုတ်စစ်တပ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရန်၊ သက်ဆိုင်ရာအဖွဲ့စည်းအားလုံး သည်းခံချုပ်တည်းရန်နှင့် တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် ပြဿနာများကိုဖြေရှင်းရန် တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။

Ref, South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *