October 20, 2024

၄. ၄. ၂၀၂၄
Written by Nyein Kyaw

နည်းပညာမြင့်မားသည့် ကမ္ဘာ့နိုင်ငံကြီးများသည်ပင် ဒရုန်းဖြင့်တိုက်ခိုက်မှုကို ခံနေရခြင်းဖြစ်ပြီး ဒရုန်းဝင်လာနိုင်ခြင်း၊ မဝင်လာနိုင်ခြင်းက အရေးမကြီးဘဲ ဝင်လာသည့်ဒရုန်းများကို ပစ်ချဟန့်တားနိုင်စွမ်းကသာ အရေးကြီးကြောင်းနှင့် ယနေ့ ဒရုန်းတိုက်ခိုက်မှုအား လေကြောင်းရန်ကာကွယ်တပ်ဖွဲ့မှ အပြည့်အဝဟန့်တားနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ပထမဦးဆုံး ကျွန်တော်ပြောချင်တာက ဒီဒရုန်းတွေနဲ့ပေါ့။ ဒီ Fixed Wing ဒရုန်းတွေနဲ့ပေါ့။ သူတို့ပြောနေတဲ့ ကာမီကာဇေဒရုန်းတွေပေါ့။ Fixed Wing ဒရုန်းတွေနဲ့ တိုက်ခိုက်မှုက ဒီကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံတည်းမှာ မဟုတ်ဘူး။ ဖြစ်ပေါ်နေတာရှိတယ်။ ဥပမာဆိုရင် ရုရှားမှာဆိုရင် မော်စကိုမြို့ကိုတောင်မှ တိုက်ခိုက်ခံခဲ့ရတာကိုလည်း တွေ့ဖူးမှာဖြစ်တယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်လေယာဉ်တင် သင်္ဘောကို တိုက်ခိုက်ခဲ့တာတွေ ယီမင်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာမျိုးရှိတယ်။ နှစ်ကြိမ်၊ သုံးကြိမ်လောက်ရှိတာပေါ့။ ပထမဦးဆုံး ကျွန်တော်ပြောချင်တာက ဒီဗုံးတွေဝင်ရောက်လာနိုင်မှု ဝင်‌ရောက်မလာနိုင်မှုက အရေးမကြီးဘူး။ အဓိက, က ဝင်ရောက်လာတဲ့ ဒရုန်းတွေကို ပစ်ချဟန့်တားစွမ်းရည်က အရေးကြီးပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ ဒါတစ်ဖက်က ဝါဒဖြန့်ချိတာလား သတင်းထုတ်ပြန်ထားလား။ သူတို့ရဲ့ဥစ္စာကတော့ အကုန်လုံးက ဒရုန်းအစီးရေ ၂၉ စီး၊ ၃၀ လောက်နဲ့ တိုက်ခိုက်တယ်ဆိုပြီး တစ်ပြိုင်တည်း တိုက်ခိုက်တယ်ဆိုပြီး သတင်းထုတ်ပြန်တာရှိတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အကုန်လုံးကို ကြိုပြီး သိရှိနိုင်ခဲ့တယ်။ ဟန့်တားနိုင်ခဲ့တယ်။ အဲဒီမှာ ၁၃ စီးကို ပစ်ချပြီးတော့ လက်ရ ရရှိခဲ့တယ်။ ကျွန်တော်ပြောချင်တာက ခေတ်မီတဲ့ နိုင်ငံတွေမှာတောင်မှပဲ ဒီလိုမျိုးတိုက်ခိုက်မှုမျိုးတွေ ခံရတာမျိုးရှိပါတယ်။ ဝင်ရောက်လာနိုင်ခြင်း၊ မရောက်လာနိုင်ခြင်းက ဒါက အခုဖြစ်နေတဲ့ နည်းပညာအရ အဝေးကနေပြီးတော့ ဒီဒရုန်းတွေကို သိပ်တော့ အခုနောက်ပိုင်းမှာ ခက်ခဲတဲ့နည်းပညာတော့ မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဒရုန်းတွေမှာ မှတ်ဉာဏ်ထည့်ပေးလိုက်ပြီးတော့ Google Map ပေါ်ကနေပြီး Way Point ပဲ ပေးလိုက်ပြီးတော့ ဒီဟာကို သွားဆိုရင် သူ့ဘာသာပျံပြီးတော့ သွားတဲ့ဟာမျိုးက သိပ်ထူးဆန်းတဲ့ဟာမျိုးတော့ မဟုတ်တော့ဘူး။ ဒါက လက်လှမ်းမီတဲ့ သာမန်အပျော်တမ်းသမားတွေတောင်မှ လုပ်နိုင်တဲ့အနေထားမျိုးရှိတယ်။ အရေးကြီးတာက ဟန့်တားနိုင်မှုစွမ်းရည်ပဲ။ ဒီနေ့ဖြစ်စဉ်မှာတော့ ဒီလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဟန့်တားနိုင်မှု အပြည့်ရှိတယ်လို့ ပြောချင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လေကြောင်းရန်ကာကွယ်ရေးအား နေပြည်တော်တစ်ခုတည်းတင် ဆောင်ရွက်ထားခြင်းမဟုတ်ဘဲ အရေးကြီးသည့် မြို့များနှင့်နေရာများ အားလုံးတွင် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပြီးခဲ့သည့်လပိုင်းက မန္တလေးမြို့ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုများကိုလည်း ဟန့်တားနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

“အဲဒီတော့ ကျွန်တော်ပြောချင်တာက ဒီကာကွယ်ရေးစနစ်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ စနစ်တကျလုပ်ဆောင်ထားတယ်။ ပြည်သူလူထု မြို့ရွာလုံခြုံရေးများကို ကျွန်တော်တို့အနေနဲ့ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ အမြဲသုံးသပ်လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် အနိမ့်ပျံလေကြောင်းရန်ကာကွယ်ရေး၊ အလယ်အလတ်တွင် ပျံသန်းသည့် လေကြောင်းရန်ကာကွယ်ရေး၊ အဆင့်မြင့်စွာပျံသန်းသည့် လေကြောင်းရန်ကာကွယ်ရေးဆိုသည့် အဆင့်လိုက် ဆောင်ရွက်ရခြင်းမျိုးဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် ကြိုတင်ထောက်လှမ်းရေးကရိယာများ၊ သတိပေးစနစ်များနှင့် ပစ်ခတ်ဖျက်ဆီးသည့်စနစ်များအားလုံးကို ယခုခေတ်မှမဟုတ်ဘဲ ယခင်တပ်မတော် ခေါင်းဆောင်များလက်ထက်ကတည်းက ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *