October 20, 2024

PDF များ၏ နေပြည်တော်တိုက်ခိုက်မှုအပေါ် ပစ်မှတ်တိုင်းမှတ်ပုံတင်ထားနိုင်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဝံ့ကြွား

၄. ၄. ၂၀၂၄
Written by Nay Moe

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နဲ့ အေလာမြို့နယ်တို့က အရေးကြီး အဆောက်အဦတွေ၊ နေရာဌာနတွေကို ဖောက်ခွဲဖျက်ဆီးဖို့ PDF တွေက ဒီနေ့မနက် ၁၀ နာရီခွဲခန့်မှာ ဧလာမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ် အနီးတို့ကနေ Fixed Wing ဒရုန်းတွေ လွှတ်တင်ခဲ့ပြီး ဖောက်ခွဲဖို့ ကြိုးပမ်းလာပါတယ်။

ဒီလိုဖောက်ခွဲတိုက်ခိုက်ဖို့ကြိုးပမ်းတာကို လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေက ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing အားလုံးကို လက်ဦးမှုရယူဟန့်တားနိုင်ခဲ့တာကြောင့် ၂ စီးက သတ်မှတ်နေရာမရောက်မီ လေထဲတင်ပေါက်ကွဲပျက်စီးခဲ့ပြီး အခြား Fixed Wing အားလုံးကိုလည်းပစ်ချဟန့်တားနိုင်ခဲ့တာပါ။

ဒီလို ပစ်ချဟန့်တားခဲ့တာကြောင့် မြေပြင်ပေါ် ပျက်ကျခဲ့တဲ့ Fixed Wing ထဲက ၁၃ စီး သိမ်းဆည်းရရှိခဲ့ပြီး ၄ စီးမှာ ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေ ပါလာလို့ စနစ်တကျဖောက်ခွဲ ဖျက်ဆီးခဲ့ရတာပါ။ အခြားမြေပြင်ပေါ် ပျက်ကျခဲ့တဲ့ Fixed Wing တွေကို သိမ်းဆည်း ရမိရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်ဆောင်ရွက်နေတာပါ။

ဒီဖြစ်ရပ်တွေမှာ လူနဲ့အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့သလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အရေးပေါ်အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို လုံခြုံရေးအရချက်ချင်းတုံ့ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီနေ့မနက်မှာ နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း (၁၆) စီး ၊ အေလာလေတပ်ကို (၁၃)စီးနဲ့တိုက်ခိုက်ခဲ့တယ်လို့ NUG နဲ့ PDF ထောက်ခံတဲ့ သတင်းဌာနတွေက ရေးသားဖော်ပြခဲ့ပြီး NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “Congratulations NPT” လို့ ရေးသားဖော်ပြခဲ့တာပါ။

ဒါ့အပြင် NUG စစ်ရုံးချုပ်ကလည်း နေပြည်တော်၊ စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို PDF တွေ တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Lethal Prop တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်ခဲ့တယ် ပြောလာတာပါ။

ဒီနေ့တိုက်ခိုက်မှုက မအောင်မြင်ပေမဲ့လည်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကတော့ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားနိုင်ပြီလို့လူမှုကွန်ရက်မှာ ဝံ့ကြွားခဲ့ပြီး “ဒီ​နေ့ ​နေပြည်​တော်…ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအ​တွေ့အကြုံပါပဲ။ ဒရုန်းတစ်စင်းပါ ယမ်း​ပေါက်ကွဲအားက 107 တစ်စင်းထက် ၂၀% ပိုပြင်းပြီး အနက်​ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ” လို့ ဖော်ပြခဲ့ပါတယ်။

ပုံစာ။ ပစ်ချဖျက်ဆီးနိုင်ခဲ့သော ဒရုန်းများနှင့် NUG စစ်ရုံးချုပ်ထုတ်ပြန်သည့် မြေပုံညွှန်း။

Leave a Reply

Your email address will not be published. Required fields are marked *