October 20, 2024

၄.၄.၂၀၂၄
Written By Thandar

တေးသီချင်း ဗီဒီယိုတွေ နည်းလမ်းမျိုးစုံနဲ့ ရိုက်ကူးထုတ်လွှင့်ပြသခြင်းတွေ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနဲ့ ဗီဒီယိုဆင်ဆာအဖွဲ့တို့ကို တင်ပြပြီး စစ်ဆေး ခွင့်ပြုချက်ရယူ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။

“ကျွန်တော်တို့ တေးသီချင်းတွေ ဗီဒီယိုတွေကို မထုတ်လွှင့်ခင်မှာ အရင်ဆုံး ရုပ်ရှင်ဥပဒေ ရုပ်မြင်သံကြား ဥပဒေတွေနဲ့ ရုပ်ရှင်ဆင်ဆာနဲ့ ဗီဒီယိုဆင်ဆာအဖွဲ့မှာ စစ်ဆေးချက်ယူရမှာပါ။ သူတို့ဆီက ခွင့်ပြုချက်ရမှ ထုတ်လွှင့်ပြသခွင့် ပေးမှာပါ။ ကိုယ်ရိုက်ကူးထားတဲ့ ကားတွေကို ကိုယ်တိုင်က တာဝန်ယူမှု တာဝန်ခံမှုရှိရမှာပါ။ ဒီ ပြန်ကြားရေး ဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ မလိုအပ်တာတွေ မဖြစ်ပေါ်လာစေဖို့ ကျွန်တော်တို့ ဘက်က ရည်ရွယ်ပါတယ်” လို့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ကာလမှာ တေးသီချင်းဗီဒီယိုတွေကို ထုတ်လုပ်သူတွေက သူတို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်လိုကြောင်း တင်ပြမှုတွေရှိလာတဲ့အတွက် ဆင်ဆာမူဝါဒတွေကို ထိခိုက်စေနိုင်ခြင်း မရှိစေရေး မိမိတို့ကိုယ်တိုင် တာဝန်ယူမှုတာဝန်ခံမှုနဲ့ စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသမှုတွေကို ဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တင်ပြခွင့်ပြုချက်ရယူပြီး ဇာတ်ကားတွေကို အမြန်ပြသဖို့ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

တေးသီချင်း ဗီဒီယိုတွေ ရိုက်ကူးထုတ်လွှင့်သူတွေက နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ရက်စက် ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး၊ ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး အချက်တွေကို အဓိက ရှောင် ကျဥ်ရမှာဖြစ်ပါတယ်။ တေးသီချင်းဗီဒီယိုတွေ နည်းလမ်းမျိုးစုံအသုံးပြုပြီး ရိုက်ကူးထုတ်လွှင့် ပြသသူတွေ အနေနဲ့ အထက်ပါ ဆင်ဆာမူဝါဒများကို လိုက်နာခြင်းမရှိဘဲ ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်ပါက ရိုက် ကူးသူ ဒါရိုက်တာအပါအဝင် ပါဝင်သရုပ်ဆောင်သူတွေ ၊ ထုတ်လွှင့်ပြသသူတွေအားလုံးကို တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *