October 20, 2024

၄. ၄. ၂၀၂၄
Written by Hey Mar

၂၀၂၄ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူတွေ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ၊ ရန်ကုန်မြို့ကနေ မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ ခရီးသွားပြည်သူတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေ ပြေးဆွဲပေးမယ့်အခြေအနေတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ (၄/၂၀၂၄)ကို ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )ရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း YBS ယာဥ်လိုင်းပေါင်း ၁၃၁ လိုင်းက ယာဥ်အစီးရေ ၃၈၀၀ ခန့်ကို ပုံမှန်အတိုင်းပြေးဆွဲပေးသွားမှာဖြစ်ပြီး နှစ်ဆန်း တစ်ရက်နေ့မှာ YBS (၆၃) ယာဥ်လိုင်းက ယာဥ် ၁၀ စီး အခမဲ့ ပြေးဆွဲပေးသွားမယ်လို့ YRTC ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

YBS ယာဥ်လိုင်းတွေ ပြေးဆွဲပေးမယ့်အစီအစဥ်က မဟာသင်္ကြန်အကြိုနေ့မှာ YBS ကုမ္ပဏီ ၁၆ ခုက ယာဥ်လိုင်း ၆၁ လိုင်းနဲ့ ယာဥ်အစီးရေ ၁၃၀၈ စီး၊ သင်္ကြန်အကျနေ့၊ အကြတ်နေ့နဲ့ အတက်နေ့မှာ ယာဥ်လိုင်းပေါင်း ၅၇ လိုင်းနဲ့ အစီးရေ ၉၃၈ စီး ပြေးဆွဲပေးသွားမှာဖြစ်ပြီး ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ YBS ကုမ္ပဏီ ၂၁ ခုရဲ့ ယာဥ်လိုင်းအားလုံး ပြန်လည်ပေးဆွဲသွားမှာဖြစ်ကာ Thet Yin Aung ကုမ္ပဏီ စီမံခန့်ခွဲမှုအောက်က YBS ၆၃ ယာဥ်လိုင်းကလည်း ယာဥ် ၁၀ ယာဥ်စီးခ အခမဲ့ ပြေးဆွဲပေးမှာလို့ သိရပါတယ်။

“ယာဥ်စီးခ ပုံမှန်အတိုင်းပါပဲ။ တိုးမြှင့်ကောက်ခံတာတွေ့ရင် တိုင်ကြားပါ အရေးယူမှာပါ။ ပုံမှန်ပြေးဆွဲတဲ့အချိန် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ပုံမှန် အလှည့်ကျပြေးဆွဲပေးမှာပါ။ နောက်ဆုံးကားက ည ၁၀ နာရီအထိ ချန်ပေးမှာပါ။ ဂိတ်စထွက်ချိန်နဲ့ ခရီးသည်များတဲ့ နေရာပေါ်မူတည်ပြီး အနည်းငယ် အပြောင်းအလဲ ရှိမှာပါ” လို့ YRTC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မာန်က ပြောပါတယ်။

မနှစ်က ၂၀၂၃ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ယာဥ်စီးခပိုမိုကောက်ခံတဲ့ တိုင်ကြားမှု ၁၅ မှုရှိခဲ့ပြီး တိုင်ကြားခံရတဲ့ ယာဥ်လိုင်းကို ပြေးဆွဲခွင့် ၁ လ ပိတ်သိမ်းတာမျိုးနဲ့အရေးယူခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *