October 20, 2024

၄. ၄. ၂၀၂၄
Written by Pan Ei

စတုရန်းမီတာ ၈၀ (၈၆၁ စတုရန်းပေ) ရှိတဲ့ တိုက်ခန်းတစ်ခန်းထဲမှာ ကြောင် ၁၅၉ ကောင်၊ ခွေး ၇ ကောင်တို့နဲ့ အတူတူနေထိုင်ခဲ့ကြတဲ့ ပြင်သစ်စုံတွဲတစ်တွဲဟာ တိရစ္ဆာန်တွေကို ရက်စက်ကြမ်းကြုတ်တဲ့အခြေအနေမှာ ထိန်းသိမ်းထားခြင်းကြောင့် ဗုဒ္ဓဟူးနေ့က ဆိုင်းငံ့ထောင်ဒဏ်တစ်နှစ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးခွင့်ကို တစ်သက်တာတားမြစ်ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။

တိုက်ခန်းထဲက တိရစ္ဆာန်တွေဟာ အညစ်အကြေးတွေပေနေပြီး၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ သန်းလိုမျိုး ကပ်ပါးကောင်တွေ ကူးစက်ခံရခြင်းခံနေရတာတွေကို မနှစ်က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေက ရေချိုးခန်းထဲမှာ အနည်းဆုံး ကြောင်နှစ်ကောင်နဲ့ ခွေးနှစ်ကောင်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် သူတို့လင်မယားနှစ်ယောက်ဟာ တိရစ္ဆာန်တွေကို ဂရုစိုက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုကာ တရားသူကြီးက ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဒါ့အပြင် တိုက်ခန်းထဲက ကယ်တင်လာခဲ့တဲ့ ကြောင်လေးတွေနဲ့ ခွေးလေးအချို့ဟာလည်း ကျန်းမာရေးညံ့ဖျင်းမှုကြောင့် နောက်ပိုင်းမှာ သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတို့ ဇနီးမောင်နှံဟာ အိမ်မွေးတိရစ္ဆာန်တွေ မမွေးဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့အပြင် သူတို့ကို တိရစ္ဆာန်အခွင့်အရေး ပရဟိတအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ယူရို ၁၅၀,၀၀၀ (ပေါင် ၁၂၈,၀၀၀) ကျော် ပေးဆောင်ဖို့လည်း တရားရုံးက အမိန့်ပေးခဲ့ပါတယ်။

အဆိုပါ စုံတွဲထဲက အမျိုးသမီးဟာ ၂၀၁၈ ခုနှစ်က သူ့မိဘတွေဆီက ကြောင်သုံးကောင်နဲ့ ခွေးသုံးကောင်ကို စတင်ခေါ်ဆောင်လာခဲ့ကာ နောက်ပိုင်းမှာလည်း စွန့်ပစ်အဆောက်အအုံတစ်ခုမှာ နေနေကြတဲ့ ကြောင် ၃၀ လောက်ကို သူတို့နေရာ တိုက်ခန်းကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကာ အဲ့ဒီကြောင်လေးတွေက မျိုးပွားပြီး ခုလို ကြောင်အရေအတွက်များလာခဲ့တာလည်း ဖြစ်ပါတယ်။

စိတ်ရောဂါဆိုင်ရာ အကဲဖြတ်ချက်တစ်ခုအရ သူမဟာ ကောင်းမွန်တဲ့ အခြေအနေမဟုတ်နေချိန်မှာတောင် တိရစ္ဆာန်တွေကို ကယ်တင်လိုစိတ်ပြင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခု ရှိနေတာကို သိခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; SCMP

Leave a Reply

Your email address will not be published. Required fields are marked *