October 21, 2024

၄. ၄. ၂၀၂၄
Translated by Htwe Ko Tun

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးအားအစ္စရေးလေတပ်က ဧပြီလ ၁ ရက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် တပ်မှူးခုနှစ်ဦးသေဆုံးခဲ့ရပြီးနောက် အီရန်အစိုးရက ပြန်လည် လက်စားချေမည်ဟု ပြောကြားထားရာ အမေရိကန်အနေဖြင့် ၎င်းအားတိုက်ခိုက်လာမည်ကို များစွာသတိထားနေကြောင်း သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားအပြီးမှာပင် အမေရိကန်အစိုးရက အီရန်အစိုးရသို့ ဤတိုက်ခိုက်မှုက ၎င်းနှင့်သက်ဆိုင်ခြင်းမရှိကြောင်း အကြောင်းကြားစာရေးခဲ့သည်။သို့သော်လည်း ဒေသအတွင်းရှိ ၎င်း၏တပ်ဖွဲ့များအား အီရန်က လက်စားချေသည့်အနေဖြင့်တုံ့ပြန်တိုက်ခိုက်လာမည့် အန္တရာယ်ရှိနေကြောင်း အမေရိကန် ထိပ်သီးတပ်မှူးတစ်ဦးက ဧပြီလ ၃ ရက်က ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု အနေဖြင့် ဒေသအတွင်း ပိုမိုကျယ်ပြန့်သော လေကြောင်းတိုက်ခိုက်မှုများကို ယခုကဲ့သို့ပြုလုပ်လာခြင်းကြောင့် ဒေသအတွင်း ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခ နွံအတွင်း တွင်၎င်းအနေဖြင့်ပါဝင်ခြင်းမရှိဘဲရှောင်တိမ်းရန်မှာ အမေရိကန်အဖို့ ဖြစ်နိုင်မည်မဟုတ်ကြောင်း အကဲဖြတ်လေ့လာသူများကပြောခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အစိုးရကမူ အီရန်ကောင်စစ်ဝန်ရုံးအား လေကြောင်းတိုက်ခိုက်မှုပြုမည်ဆိုခြင်းကို အမေရိကန်အစိုးရက လုံးဝမသိရှိဟုပြောခဲ့သည်။ သို့သော် အမေရိကန် အနေဖြင့် အစ္စရေးနိုင်ငံ၏လက်နက်တင်သွင်းမှု ၇၀ ရာခိုင်နှုန်းကိုထောက်ပံ့နေပြီး အစ္စရေးကာကွယ်ရေးအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းကို ပံ့ပိုးနေသည့် မဟာမိတ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။

အစ္စရေးကမူ လေကြောင်းတိုက်ခိုက်မှုက ၎င်းပြုလုပ်ခဲ့ခြင်းဟု ဝန်မခံခဲ့ပေ။ သို့သော် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာ ဆင်းက ဤတိုက်ခိုက်မှုတွင် အစ္စရေး၌တာဝန်ရှိသည်ဟု ဧပြီလ ၂ ရက်ကပြောခဲ့သည်။ အစ္စရေး၏တိုက်ခိုက်မှုများကို အီရန်နှင့် ၎င်း ၏ဒေသတွင်းရှိစစ်သွေးကြွမယာမိတ်အုပ်စုများ လက်တုံ့ပြန်သောအားဖြင့် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို မကြာခဏဆိုသလိုပင် လက်တုံ့ပြန်တိုက်ခိုက်မှုများရှိခဲ့ဖူးရာ ယခုအကြိမ်တွင်လည်း အီရန်က လက်တုံ့ပြန်တိုက်ခိုက်လာမည်ကို အမေရိကန်အစိုးရအနေနှင့် စိုးရိမ်နေပုံရကြောင်း သုံးသပ်ပြောကြားကြသည်။

Ref- AP

Leave a Reply

Your email address will not be published. Required fields are marked *