October 21, 2024

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ်ပတ်ဝန်းကျင်တွင် ပျံသန်းလာသည့် ဒရုန်း ၇ စင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ချဖျက်ဆီး

၄.၄.၂၀၂၅
Written by TZ

ယနေ့ ဧပြီလ ၄ ရက်နေ့တွင် နေပြည်တော်အေလာလေဆိပ်နှင့်ဇေယျာသီရိမြို့နယ်ဝန်းကျင်တွင် ပျံသန်းလာသည့် ဒရုန်း ၇ စင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ချဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။

လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်းပျံသန်းလာသည်ကို လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များမှ မြင်၍ အဆိုပါဒရုန်းများကို အောင်မြင်စွာ ပစ်ချဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့သည်။

နေပြည်တော်နှင့် နေပြည်တော်လေဆိပ်ကို လာ၍တိုက်ခိုက်သည့် ဒရုန်းများကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း လုံခြုံရေးဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယနေ့မနက်တွင် နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း (၁၆) စီး ၊ အေလာလေတပ်ကို (၁၃)စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု NUG နှင့် PDF ထောက်ခံသည့် သတင်းဌာနများတွင် ရေးသားဖော်ပြနေပြီး NUG ၏ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဒေါ်ဇင်မာအောင်ကလည်း “Congratulations NPT” ဟု ရေးသားဖော်ပြခဲ့သည်။

ထို့အတူ NUG ၏ စစ်ရုံးချုပ်ကလည်း နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Prop တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုထုတ်ပြန်ချက်တွင်မူ အရေအတွက်ပါမလာသလို သာမန်ဒရုန်း၊ အသေခံဒရုန်းစသည်ဖြင့် ခွဲခြားမထားသည်ကို တွေ့ရသည်။

ထိုတိုက်ခိုက်မှုဖြစ်စဥ်တွင် မည်သည့်ထိခိုက်မှုမျှ မရှိဘဲ တိုက်ခိုက်လာသည့်ဒရုန်းအားလုံးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း နေပြည်တော်မှ တပ်မတော်အရာရှိတစ်ဦးက MT News သို့ အတည်ပြုသည်။

ပုံစာ။ ပစ်ချဖျက်ဆီးနိုင်ခဲ့သော ဒရုန်းနှင့် NUG စစ်ရုံးချုပ်ထုတ်ပြန်သည့် မြေပုံညွှန်း။

Leave a Reply

Your email address will not be published. Required fields are marked *