October 21, 2024

၄. ၄. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်တိုင်ပေနိုင်ငံ၊ တိုင်ဝမ်ကျွန်း အရှေ့ပိုင်း ဟွာလီယန်ခရိုင်အတွင်း ဧပြီလ ၃ ရက် နံနက်က လှုပ်ခတ်သွားခဲ့သောငလျင်ကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး ကိုးဦးအထိရှိလာခဲ့ပြီး ဒဏ်ရာရသူ ဦးရေမှာလည်း ၁,၀၅၀ ဦးရှိလာခဲ့တယ်လို့ နောက်ဆုံးသတင်းတွေက ဖော်ပြခဲ့ကြပါ တယ်။ ဒါ့အပြင် ငလျင်လှုပ်ခတ်အပြီး ပျောက်ဆုံးနေသူ ၄၆ ဦးရှိသလို ပြိုကျလုဆဲ အဆောက်အအုံတွေနဲ့ ကျောက်မိုင်းတွေအတွင်းဆက်လက် ပိတ်မိသောင်တင်နေသူ ၁၀၁ ဦးအထိရှိတယ်လို့ မီးသတ်အဖွဲ့က ဧပြီလ ၄ ရက် နံနက်မှာပြောကြားခဲ့ပါတယ်။

ဧပြီလ ၄ ရက်နံနက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ငလျင်ဒဏ်ကြောင့် ပြိုကျနေရတဲ့အဆောက်အအုံတွေရဲ့ အပျက်အစီးတွေအကြား ဒါမှမဟုတ် ပြိုကျလုဆဲဖြစ်နေရတဲ့ အထပ်မြင့်အဆောက်အအုံတွေအတွင်း သောင်တင်ပိတ်မိနေကြသူတွေကို‌ ကယ်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက တိမ်းစောင်းနေတဲ့အထပ်မြင့်အဆောက်အအုံတွေအတွင်း မိုးပျံကရိန်းတွေနဲ့တက်ရောက်ကာ ပြတင်းပေါက်တွေကတစ်ဆင့် ဝင်ရောက်နိုင်ဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။

ဒါ့အပြင် ဟွာလီယန်ခရိုင်အတွင်း ကျောက်ကျင်းတစ်ခုအတွင်းပိတ်မိနေတဲ့ ကျောက်ကျင်းအလုပ်သမား ၆၀ ကျော်ကို အမြန်ကယ်ဆယ်နိုင်ရေးဆောင်ရွက်နေပါတယ်။ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ အဆိုပါ ကျောက်ကျင်းက နက်ရှိုင်းလှတဲ့ ချောက်ကမ်းပါးတစ်ခုရဲ့အစွန်း ချောက်နက်တစ်ခုအပေါ်မှာရှိနေတာ ဖြစ်ပါတယ်။

နောက်ထပ် ကျောက်ကျင်းတစ်ခုမှာတော့ အလုပ်သမားခြောက်ဦးကို ရဟတ်ယာဉ်နဲ့ စွန့်စွန့်စားစားကယ်တင်နိုင်ခဲ့ပြီး တစ်ဦးကတော့ ကျောက်တုံးပြိုကျမှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဧပြီလ ၃ ရက် နံနက်က ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာတော့ ဧပြီလ ၄ ရက် မွန်းလွဲပိုင်းအထိ ဟွာလီယန်ခရိုင်အတွင်း ပြင်းအားမဂ္ဂနီကျူ့ ၄ နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲငလျင်အကြိမ် ၄၀ ကျော် လှုပ်ခတ်ခဲ့တယ်လို့လည်း အမေရိကန်ပြည်ထောင်စု ဘူမိ‌ဗေဒလေ့လာရေးဌာနက ပြောခဲ့ပါတယ်။ တရုတ်တိုင်ပေ တာဝန်ရှိသူတွေကလည်း ယခု ရက်သတ္တပတ်အကုန်အထိ တိုင်ဝမ်ကျွန်းမှာ ပြင်းအားမဂ္ဂနီကျူ့ ၇ အထိရှိတဲ့ ငလျင်တွေ လှုပ်လာနိုင်သေးတယ်လို့ ဆိုကြပါတယ်။

Ref – CNN, Taipei Times

Leave a Reply

Your email address will not be published. Required fields are marked *