October 21, 2024

၄. ၄. ၂၀၂၄
Written by Pan Ei

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ထားခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံက Juan Vicente Pérez Mora လို့ အမည်ရတဲ့ အဘိုးအိုဟာ သူ့ရဲ့ ၁၁၅ နှစ်မြောက်မွေးနေ့မတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က ကွယ်လွန်သွားခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က မနေ့က ပြောကြားခဲ့ပါတယ်။

Juan Vicente Pérez Mora ဟာ အရင်စံချိန်ဟောင်းပိုင်ရှင် Saturnino de la Fuente García ကွယ်လွန်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အသက်အကြီးဆုံး သက်ရှိလူသားအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး စံချိန်တင်ချိန်က သူ့အသက်က ၁၁၂ နှစ်နဲ့ ၂၅၃ ရက်ရှိဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ကမ္ဘာသမိုင်းမှာ စတုတ္ထမြောက် အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူဖြစ်ခဲ့သလို စံချိန်တင်ချိန်က ၁၉၁၁ ခုနှစ်မတိုင်မီ မွေးဖွားခဲ့သူတွေထဲမှာ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော လူသားလည်း ဖြစ်ခဲ့ပါတယ်။

Pérez ကို ၁၉၀၉ ခုနှစ် မေလ ၂၇ ရက်က ဗင်နီဇွဲလားနိုင်ငံမှာ မွေးဖွားခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ သူ မကွယ်လွန်ခင်က ဗင်နီဇွဲလားနိုင်ငံ၊ တာချီရာပြည်နယ်မှာနေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့မှာ ဇနီးဖြစ်သူ Ediofina del Rosario García နဲ့အတူ သားခြောက်ယောက်နဲ့ သမီးငါးယောက် ထွန်ကားခဲ့ပြီး မြေး ၄၂ ယောက်၊၊ မြေး ၁၈ ယောက်နဲ့ တီ ၁၂ ယောက်တို့ ရှိခဲ့ပါတယ်။

Pérez ဟာ အလုပ်ကြိုးစားပြီး အားလပ်ရက်တွေမှာတော့ အနားယူကာ ညတိုင်းစောစောအိပ်တတ်သလို နေ့တိုင်း ရေတစ်ဖန်ခွက်သောက်ပြီး ဘုရားသခင်ကိုလည်း ချစ်မြတ်နိုးကာ စိတ်နှလုံးထဲမှာ အမြဲထားတယ်လို့ သူ အသက်ရှင်စဉ်က သူရဲ့အသက်ရှည်ကြောင်းနဲ့ ပတ်သက်ပြီး အလေးအနက်ထားကာ ပြောကြားခဲ့ဖူးပါတယ်။

ဗင်နီဇွဲလားသမ္မတ Nicolás Maduro ကလည်း ဆိုရှယ်မီဒီယာကတစ်ဆင့် Pérez ကွယ်လွန်ခဲ့မှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

အသက်အရွယ်အိုမင်းမှုဆိုင်ရာသုတေသနအဖွဲ့က လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိအမျိုးသားကို ရှာဖွေဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့သလို ၁၉၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ မွေးဖွားခဲ့တဲ့ ဂျပန်နိုင်ငံက Gisaburō Sonobe ဆိုသူနဲ့ ဘရာဇီးနိုင်ငံက ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှာ မွေးဖွားခဲ့တဲ့ Josias de Oliveira ဆိုသူတို့ကို စံချိန်အတွက် လျာထားပြီး စံချိန်မှတ်တမ်းအတွက် အတည်မပြုခင် မွေးနေ့နှစ်ခုစလုံးကို အတည်ပြုဖို့ လိုအပ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Ref; CBS News

Leave a Reply

Your email address will not be published. Required fields are marked *