October 20, 2024

၄. ၃. ၂၀၂၄
Written by Ye Kyaw

သင်္ကြန်ကာလအပြီးအထိ ပိတ်ထားမည်ဟု သတင်းထွက်ပေါ်ခဲ့သည့် မြဝတီနယ်စပ် တောလမ်းအား ပိတ်ထားခြင်းမရှိသော်လည်း သင်္ကြန်ကာလနီးလာ၍ ကားခနှုန်းထားများ ယခင်ထက် ရာခိုင်နှုန်း ၅၀ မြင့်တက်ခဲ့သောကြောင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေကြောင်း မြဝတီနယ်စပ် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

ကားအစီးရေ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေရ၍ ပုံမှန်အခြေအနေထက် တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် မတ်လ ၂၅ ရက်မှ သင်္ကြန်ကာလပြီးသည်အထိ ပိတ်ထားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော မြဝတီနယ်စပ် တောလမ်းပိုင်းအား လက်ရှိအချိန်အထိ လမ်းပိတ်ထားခြင်းမရှိကြောင်း သိရသည်။

သို့သော် ပုံမှန်လမ်းအကြောင်းအခြေအနေ၌ပင် သင်္ကြန်ကာလနီးချိန်တွင် ကုန်ပစ္စည်းများ ကြန့်ကြာခြင်း၊ ပြတ်တောက်ခြင်းများနှင့် သယ်ယူစရိတ်မြင့်တက်လေ့ရှိသည့် မြဝတီလမ်းပိုင်းတွင် ယခုနှစ်သင်္ကြန်ကာလ နီးလာချိန်တွင်လည်း ကားခဈေးနှုန်းသည် ကားတစ်စီး ကျပ် ၂၀၀,၀၀၀ သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၃၀၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး ယခင်ထက် ကျပ် ၁၀၀,၀၀၀ (ရာခိုင်နှုန်း ၅၀) မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“ကားခတွေတော့ ဈေးနည်းနည်းတက်တယ်။ ကားနည်းနည်းရှားလို့လေ။ လမ်းကတော့မပိတ်ပါဘူး။ အခုလောလောဆယ်ပေါ့။ ကားတစ်စီးကို နှစ်သိန်းကနေ သုံးသိန်းဝန်းကျင်ပေါ့နော်။ ခြောက်ဘီးကားပေါ့။ ကားခတက်တော့ စရိတ်တော့တက်တာပေါ့” ဟု မြဝတီနယ်စပ်မှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေး မြ၀တီ-ကော့ကရိတ် (အာရှလမ်းမကြီး) ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှု ဖြစ်ခဲ့ပွားခဲ့ပြီး မဖြစ်မနေ ဖြတ်သန်းသွားရမည်ဆိုပါက KNLA နှင့် KNU မှ တာဝန်ရှိသူများထံ အကြောင်းကြားပြီးမှသာ ဖြတ်သန်းသွားလာရန် သတိပေးထုတ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ထို့ကော်ကိုးလမ်းပိုင်း (တောလမ်း)မှ သွားလာနေရသဖြင့် ကုန်ကားကြီးများ သွားလာ၍မရဘဲ ကုန်စည်အနည်းငယ်သာ တင်ဆောင်နိုင်သည့် ခြောက်ဘီးကားနှင့် ခရီးသည်ယာဉ်များသာ အဓိက သွားနိုင်ခြင်းဖြစ်သည့်အတွက် မြဝတီနယ်စပ်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ယခင်ထက် လျော့ကျခဲ့ခြင်းကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *