October 20, 2024

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ၂၀၂၃ ခုနှစ်အတွင်း ထိခိုက်သေဆုံးသူ နှစ်ဆကျော်မြင့်တက်၊ သေဆုံးသူ ၁,၀၀၀ ကျော် ရှိလာ

၄. ၄. ၂၀၂၄
Written by Pan Ei

UNICEF က ထုတ်ပြန်တဲ့ အချက်အလက်အသစ်အရ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပိုမိုပြင်းထန်လာတဲ့ ပဋိပက္ခတွေကြား အသုံးပြုနေကြတဲ့ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ကလေးငယ်အများအပြား အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုအရေအတွက်မှာ စိုးရိမ်ဖွယ်ရာ တိုးလာနေတယ်ဆိုတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား အသေအပျောက်ထိခိုက်မှု အရေအတွက် ၁၀၅၂ ဦး အထိရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆကျော် တိုးလာခဲ့ခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ အေဂျင်စီက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာပေးရေးနေ့နဲ့ ကူညီစောင့်ရှောက်ရေးနေ့ဖြစ်တဲ့ ဒီနေ့ မတ်လ ၄ ရက်မှာ ပြောကြားခဲ့တာပါ။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ အကြွင်းအကျန်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်မှာ သေဆုံးသူ ၁၈၈ ဦးနဲ့ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့ကာ စုစုပေါင်း ထိခိုက်သေဆုံးသူ အရေအတွက်က ၁၀၅၂ ဦး အထိရှိခဲ့ပြီး မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းက ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်မှာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် သေဆုံးထိခိုက်သူ အရေအတွက်က ၃၉၀ ဦးသာရှိခဲ့ခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ်မှာတော့ အရေအတွက်က ၂၇၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုဖြစ်စဉ်ပြီးနောက်ပိုင်း နိုင်ငံအတွင်း ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ခဲ့ရကာ ပဋိပက္ခတွေကြောင့်လည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းထောင်မှု အများဆုံး နိုင်ငံဖြစ်လာခဲ့ရပါတယ်။ မကြာသေးမီလတွေအတွင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုမို များပြားလာတာကြောင့် မြို့တော် နေပြည်တော်ကလွဲပြီး နိုင်ငံအတွင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးနီးပါးမှာ မြေမြှုပ်မိုင်းထောင်ထားတာတွေ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေးဗဟိုချက်မြေနေရာတွေဟာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကျော်ရှိကြောင်း UNICEF အချက်အလက်တွေအရ သိရပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှုဟာ ပြစ်တင်ရှုတ်ချခံရသင့်ရုံသာမက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအောက်မှာလည်း တရားမဝင်ကြောင်း UNICEF အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ ဒီဘိုရာ ကိုမီနီ က ပြောကြားခဲ့သလို “ပဋိပက္ခဖြစ်ပွားနေတဲ့ အင်အားစုအားလုံးဟာ အရပ်သားတွေ အထူးသဖြင့် ကလေးသူငယ်တွေ ဘေးကင်းရေးနဲ့ သုခချမ်းသာကို ဦးစားပေးသောအားဖြင့် ခုလိုလက်နက်တွေ အသုံးပြုတာကို ချက်ချင်းရပ်တန့်ဖို့ အရေးကြီးပါတယ်” လို့လည်း သူက ဆိုပါတယ်။

အထူးသဖြင့် ကလေးတွေဟာ မြေမြှုပ်မိုင်းတွေကို မှတ်မိနိုင်ခြေနည်းပြီး အန္တရာယ်တွေကို သတိမပြုမိခြင်းတို့ကြောင့် မြေမြှုပ်မိုင်းအန္တရာယ်ကို ပိုမို တွေ့ကြုံရနိုင်ကာ နိုင်ငံတဝှမ်းမှာ မြေမြှုပ်မိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားခြင်းကြောင့် ကလေးငယ်တွေအတွက် သူတို့ရဲ့နေအိမ်၊ ကျောင်း၊ ကစားကွင်းတွေနဲ့ လယ်ယာစိုက်ပျိုးရေး ဧရိယာတွေအပါအဝင် နေရာတော်တော်များများမှာ မြေမြှုပ်မိုင်းတွေကို ကြုံတွေ့ရနိုင်တယ်လို့လည်း UNICEF က ဖော်ပြခဲ့ပါတယ်။

မြေမြှုပ်မိုင်းတွေနဲ့ အခြားသော ပေါက်ကွဲစေတတ်သော လက်နက်တွေကို မြန်မာစစ်တပ်နဲ့ အတိုက်အခံ လက်နက်ကိုင်တွေဘက်ကပါ နှစ်ဖက်စလုံးက အသုံးပြုနေကြောင်း UNICEF က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူပေါင်း ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို လူပေါင်း ၁၈ သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆိုးရွားစွာ လိုအပ်နေတယ်လို့လည်း UNICEF က ပြောကြားခဲ့ပါတယ်။

Ref; UNICEF, Reuters

Leave a Reply

Your email address will not be published. Required fields are marked *