October 20, 2024

၄. ၄. ၂၀၂၄
Written by Nyein Kyaw

EV တပ်ဆင်ထုတ်လုပ်ခြင်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အပါအဝင် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ဒေါ်လာ ၃၃ သန်းကျော်နှင့် ကျပ်ဘီလျံ ၈၄၀ ကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၆ ခု ထပ်မံခွင့်ပြုခဲ့ကြောင်း ယမန်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၆ ခုကို ခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၉၁၁ သန်းနှင့် ငွေကျပ် ၈၄၅ ဒသမ ၅၀၀ ဘီလျံဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းပေါင်း ၁၃၄၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထက်ပါအစည်းအဝေး၌ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည့် လျှပ်စစ်သုံးယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ခရီးသွားကဏ္ဍ တိုးမြှင့်စေမည့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခုအနက် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အများဆုံး လာရောက်ရင်းနှီးမြှုပ်ထားခြင်းဖြစ်သည်။ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *