October 20, 2024

၄. ၄. ၂၀၂၄
Written By Thandar

သင်္ကြန်အနှစ်သာရနဲ့လူငယ် ဖန်စီဇာတ်လမ်းပုံစံ “ရေတွေဘာတွေစို ” ဇာတ်လမ်းတွဲ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဧပြီ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ M3 Restaurant မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်ရဲ့ တတိယမြောက် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပါ။ ကျွန်တော် အရင်က မနုဿမိုး ၊ တာတီး ကားတွေရိုက်ခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက သင်္ကြန်ကားကိုမှ ဇာတ်လမ်းပုံစံ‌လေးက လူငယ်စတိုင် အပျော်ဖန်စီ ပုံစံလေးပါ။ အဓိကတော့ သင်္ကြန်အရသာလေးကို ခံစားရမယ်။ မြန်မာ့ရိုးရာ သင်္ကြန်မှာ လူငယ်‌တွေ ပျော်တဲ့ ပုံစံလေးတွေ ပါတယ်။ ပျော်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ စိတ်ခံစားချက်လေးလည်း ရမှာပါ။ အရင်တုန်းက မြင်နေကြ ပုံစံမျိုးနဲ့ မတူတဲ့ သင်္ကြန်ဇာတ်ကားမျိုးကို မြင်တွေ့ရမှာပါ “လို့ ဒါရိုက်တာ နေမင်းတင်က MT Entertainment ကို ပြောပါတယ်။

ဒီဇာတ်ကားကို ရွှေစန္ဒာမင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဇာတ်လမ်း မောင်ငယ်ရင်သွေး၊ ဇာတ်ညွှန်းညီအောင်ညီက ရေးသားပြီး ဒါရိုက်တာ နေမင်းတင်ရိုက်ကူးမဲ့ အပိုင်း ၈ ပိုင်းစာပါဝင်မယ့် Miniseries လည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေအဖြစ် ရဲရင့်မြတ်သူ၊ လွင်မင်းသန့်၊ ဟိန်းသန့်ဇေ၊ ကျော်ထွန်းနေ၊ မေလသံစဉ်၊ ပြည့်ကောင်းစုသန့်၊ ဇော်ဝင်းနိုင် (မန်း)၊ သန်းသန်းစိုး၊ ဂွမ်းပုံကြီး စတဲ့သူတွေ ပါဝင်ကြမှာဖြစ်ပါတယ်။

“ရေတွေဘာတွေစို” ဇာတ်လမ်းတွဲကို လာမယ့် ဧပြီ ၅ ရက်နေ့ ည ၈ နာရီမှာ Fortune ရုပ်သံလိုင်းက တနင်္လာနေ့ကနေသောကြာနေ့အထိ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *