October 20, 2024

၄. ၄. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှာ ဘိန်းဖြူ ၅ ကီလိုဂရမ်ကျော်ကို မြန်မာနိုင်ငံက သယ်ဆောင်လာပြီး လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် အမျိုးသား ၂ ဦးကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့သလို အဲ့ဒါဟာ နှစ်ရက်အတွင်း ဒုတိယမြောက် မူးယစ်ဆေးဝါးဖမ်းမိမှုလည်း ဖြစ်ပါတယ်။

မနေ့က အိုက်ဇောမြို့မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဦးစီးဌာနဟာ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၊ ဖော့ကယ်လန်ဒေသမှာ လက်ရှိ အိုက်ဇောမြို့မှာနေထိုင်နေတဲ့ တြိပူရပြည်နယ်၊ တိုင်ဒူရွာက ပူရီယာလို့လည်း သိကြတဲ့ လယ်နွမ်မောဝီယာ (၃၈ နှစ်) နဲ့ လက်ရှိ ဗာရမ်တီမြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား လယ်ချာဝီလီယာနာ (၃၄ နှစ်) တို့ဆီက ဘိန်းဖြူ ၅ ဒသမ ၄၂၇ ကီလိုဂရမ်ကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ ဘိန်းဖြူတွေကို ဘေထုပ်အထည်တွေနဲ့ ပတ်ကာ ဝှက်ထားခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းမှုအရ ဘိန်းဖြူတွေကို မြန်မာနိုင်ငံက ခိုးသွင်းလာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ အသုံးပြုတဲ့ TATA YODHA အမှတ်တံဆိပ် ကုန်တင်ယာဉ်ကိုလည်း တာဝန်ရှိသူတွေက သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူအားလုံးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ အက်ဥပဒေနဲ့ တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ ၂၀ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ် ရူပီးငွေ ၁ သိန်းကနေ ၂ သိန်းအထိ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း မူးယစ်ဆေးဝါးနဲ့ မက်သာဖက်တမင်း ၅ ကီလိုဂရမ်ကျော် လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသူနှစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Ref; India Today NE

Leave a Reply

Your email address will not be published. Required fields are marked *