October 20, 2024

၄. ၄. ၂၀၂၄
Written by Shwe Phyo

ဘင်္ဂလားဒေ့ရှ်အစိုးရနေဖြင့် ၎င်းတို့နိုင်ငံအတွင်းရောက်ရှိခိုလှုံနေသည့် မြန်မာတပ်ဖွဲ့ဝင် ၁၈၀ ဦးနှင့် မြန်မာနိုင်ငံအတွင်းထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်ကို ဧပြီလအတွင်း အပြန်အလှန် လဲလှယ်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၇၇ ဦးနှင့် တပ်မတော်သား ၃ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာလာခဲ့ပြီး ခိုလှုံနေကြောင်း အတည်ပြုပြောဆိုထားသည်။

၎င်းက ” ကျွန်တော်တို့ဟာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်။ မြန်မာအစိုးရကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူဖို့ သဘောတူညီခဲ့တယ်။ မြန်မာအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ဆုတ်ခွာလာတဲ့ မြန်မာလုံခြုံရေးအဖွဲ့ဝင်တွေကို ရေလမ်းကြောင်းကနေ ပြန်ပို့ဖို့ အဆိုပြုခဲ့တယ်။ ကျွန်တော်တို့ဟာ ဒီသီတင်းပတ်အတွင်း ပြန်ပို့လိုပေမယ့် လာမယ့်သီတင်းပတ်မှသာ ပို့နိုင်မယ့်အခြေနေမျိုးရှိနေတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်ရှိနေတယ်။ အဲဒီသူတွေကို ပြန်လွှတ်ပေးဖို့ အဆိုပြုကမ်းလှမ်းခဲ့ရာမှာ မြန်မာအစိုးရကလည်း ကျွန်တော်တို့ကမ်းလှမ်းမှုကို အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုမျိုးလုပ်ဆောင်ခဲ့တယ်”ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင် ပြည်နယ်တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာမှုများရှိခဲ့ပြီး မြန်မာအစိုးရက နှစ်နိုင်ငံအစိုးရကြား ညှိနှိုင်း၍ ပြီးခဲ့သောလများအတွင်းကလည်း လူ ၃၃၀ ပြန်လည်ခေါ်ယူခဲ့ပြီး ယခုအကြိမ်တွင်မူ မြန်မာနိုင်ငံအတွင်း ပြစ်မှုကျုးလွန်၍ ဖမ်းဆီးခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် လဲလှယ်ရမည့်အခြေအနေလည်း ဖြစ်သည်။

ပုံစာ။ ဘင်္ဂလားဒေ့ရှ်သို့ ဆုတ်ပြေးသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပုံရိပ်အချို့။

REF, bssnews

Leave a Reply

Your email address will not be published. Required fields are marked *