October 30, 2024

MT News

Written by Nay Aung

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ ရွှေဆိုင်ကို ဓားပြတိုက်ရာတွင်ပါ၀င်ခဲ့ပြီး ထွက်ပြေးလွှတ်မြောက်သွားသူနှစ်ဦးသည် မြန်မာနိုင်ငံသားများဖြစ်ဖွယ်ရှိကာ ၎င်းတို့ကို ဖမ်းဆီးမိရန် မြန်မာနှင့်ထိုင်းနယ်စပ်အာဏာပိုင်များအပြင် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။

ထိုင်းနိုင်ငံ တာ့ခ့်ခရိုင် ဒေသရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ် ဘော်ဒီပီတက်က ထွက်ပြေးလွှတ်မြောက်သွားသူ နှစ်ဦးသည် ရွှေဆိုင်ကို ဓားပြတိုက်ပြီးနောက် ထွက်ပြေးလွှတ်မြောက်သွားခဲ့ပြီး တောလမ်းမှတစ်ဆင့်ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးမှုများရှိခဲ့သည်ကို နယ်ခြားစောင့်အဖွဲ့များက တွေ့မြင်ခဲ့ကြောင်း၊ အဆိုပါထွက်ပြေးသွားသူနှစ်ဦးသည် မြန်မာနိုင်ငံသားများဖြစ်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် လူလေးဦးက ဓားပြတိုက်ရန်ကြိုးပမ်းခဲ့သည်။ လူလေးဦးသည် ၎င်းတို့ပါလာသည့်လက်နက်များဖြင့် ရွှေဆိုင်တံခါးကို ပစ်ဖောက်ဝင်ရောက်ခဲ့ကာ ရွှေဆိုင်အတွင်းရှိမှန်ဘောင်ထဲတွင်ထည့်ထားသည့် ရွှေများကိုယူရန် မှန်ဖြတ်စက်ဖြင့် ဖြတ်နေချိန်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူက ကိုယ်ပိုင်ကာကွယ်ရေးသေနတ်ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည့်အတွက် ဓယးပြတိုက်သူလေးဦး ထွက်ပြေးခဲ့ကြောင်း သိရသည်။

ဓားပြလေးဦးသည် ထွက်ပြေးချိန်အတွင်း ၎င်းတို့ပါလာသော လုပ်သေနတ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွှေဆိုင်ပိုင်ရှင်ကလည်း ထပ်မံပစ်ခတ်ခဲ့ရာ ထိုင်းလူမျိုး တစ်ဦး ကျည်ဆံထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရခဲ့ကာ အခြားနှစ်ဦးကထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဒဏ်ရာရသူကို ဖမ်းဆီးခဲ့ကြောင်း၊အခြားနှစ်ဦးမှာ နီးစပ်ရာကားကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ရွှေဆိုင်ဓားပြတိုက်ရာတွင် သေဆုံးခဲ့သူနှင့် ဖမ်းဆီးခံရသူနှစ်ဦးတို့သည် ဖေဖော်ဝါရီလအတွင်းက တာ့ခ်ခရိုင်ရွှေဆိုင်တစ်ဆိုင်ထံမှ ရွှေအလေးချိန် ၁၈၂ ကျပ်သားဓားပြတိုက်ကာထွက်ပြေးလွှတ်မြောက်သူများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ထွက်ပြေးလွတ်မြောက်ခဲ့သူနှစ်ဦးသည် တာ့ခ့်ခရိုင်အနောက်ပိုင်းရှိ Thanon Thong Chai တောင်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံဘက်ခြမ်းသို့ နယ်စပ်လမ်းကြောင်းမှ တဆင့်ထွက်ပြေးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Ref, thailand.postsen

Leave a Reply

Your email address will not be published. Required fields are marked *