October 30, 2024

MT News

Written By Myo Khine

သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများတွင် ပြည်တွင်းကုန်ကြမ်းများ အသုံးပြုရန် တိုက်တွန်းထားကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့မှ သိရသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီ တက်ရောက်ခဲ့သည့် ဒီဇင်ဘာပထမအပတ်က အစည်းအဝေးအတွင်း အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆင့်မြင့် အရာရှိတစ်ဦးက MT News သို့ ပြောသည်။

“ကုန်ကြမ်းတွေ ပြည်ပကနေ ဝယ်ယူမယ်ဆိုရင် နိုင်ငံခြား ငွေနဲ့ ဝယ်ရမှာ ဖြစ်တဲ့အတွက် တစ်ခါတလေမှာ ကန့်သတ်ချက်တွေ ရှိတယ်။ အဲဒီလိုရှိရင် တင်ပြရတာ ညှိနှိုင်းရတာ ရှိတယ်။ ဒါကတော့ စိန်ခေါ်မှုလို ဖြစ်နေတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် အထူးစီးပွားရေးဇုန်သုံးခုအနက် သီလဝါဇုန်မှာ လုပ်ငန်းလည်ပတ်နေသည့်ဇုန် ဖြစ်သောကြောင့် လက်ရှိအခြေအနေထက် ပိုမိုအောင်မြင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်နိုင်ရေးတို့အတွက် ကူညီပေးရန်ရှိကြောင်း အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။

“သီလဝါကတော့ လက်ရှိ လုပ်ငန်းလုပ်နေတဲ့ဇုန် ဖြစ်တယ်။ ဆက်ပြီးတော့ အောင်မြင်အောင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဝင်အောင် သူတို့ အခက်အခဲတွေ ရှိတယ်ဆိုလို့ ရှိရင်လည်း ကူညီပေါင်းစပ်ဆောင် ရွက်နိုင်အောင် ဆွေးနွေးတယ်။ သီလဝါဟာ အောင်မြင်တယ်။ အရှိန်အဟုန်နဲ့သွားတာ ဖြစ်တဲ့အတွက် ဆက်လက်လုပ်ဆောင်ဖို့ ဆွေးနွေးကြတယ်။ ပြည်တွင်းမှာ ရှိတဲ့ လုပ်ငန်းတွေကထုတ်လာတဲ့ ထုတ်ကုန်တွေကို ကုန်ကြမ်းအဖြစ် သုံးပြီးတော့ သီလဝါဇုန်မှာလည်း သုံးဖို့။ ဒီလို သုံးခြင်းအားဖြင့် ပြည်တွင်းမှာ ရှိတဲ့ MSME လုပ်ငန်းတွေ ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် တိုက်တွန်းတာပေါ့။ နိုင်ငံခြားမှာပဲ ထုတ်လုပ်တဲ့ ကုန်ကြမ်းကိုပဲ သုံးမယ်။ အဲဒီမှာထုတ်လုပ်။ ထုတ်လုပ်ပြီး ပြန်ပို့ဆိုရင် ပြည်တွင်းက အလုပ်တွေက အလုပ်မရဘူး။ နည်းပညာတွေမရဘူး။ ဒါကြောင့် ပြည်တွင်းမှာလည်းပဲ သူတို့ လိုချင်တဲ့ ကုန်ကြမ်းမျိုးကို ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေရဲ့ ကုန်ကြမ်းတွေကို သုံးပြီးတော့ လုပ်ပေးဖို့အတွက်ကိုလည်း သီလဝါထဲမှာရှိတဲ့ ကုမ္ပဏီတွေကို တိုက်တွန်းဖို့ ပြောခဲ့ကြတယ်”ဟု ယင်းက ပြောသည်။

လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုမိန့်ဖြင့် မြှုပ်နှံထားသော ဂျပန်လုပ်ငန်း တစ်ခုမျှ ပိတ်သိမ်းထားခြင်းမရှိသေးကြောင်း ၊ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထိ လုပ်ငန်း ၁၂၅ ခုရှိပြီး ယင်း၏ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံရှိကြောင်း သိရသည်။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ်ကစတင်ဖြစ်ပွားခဲ့သော ကိုဗစ် ကပ်ရောဂါကြောင့် လုပ်ငန်းပိတ်သိမ်း၍ ဂျပန်ကို ပြန်သွားကြရာ ရပ်တန့်ထားသည့် ကုမ္ပဏီ ၄၀ ခန့်ရှိပြီး ယင်းအထဲမှ တရားဝင် ဖျက်သိမ်းသည့် လုပ်ငန်းမရှိသေးခြင်း ဖြစ်ကြောင်း သိရသည်။

သီလဝါဇုန်တွင် ဂျပန်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံသော လုပ်ငန်း ၁၂၅ ခုအနက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အထည်ချုပ်ကဏ္ဍနှင့် စားသောက်ကုန်လုပ်ငန်း ၈၄ ခု၊ အခြားလုပ်ငန်းများ ဖြစ်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဲ့သို့ဝန်ဆောင်မှုလုပ်ငန်း ၂၁ ခု ရှိကြောင်း MIC စာရင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်၂၀၂၁ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာအတွင်း ကုမ္ပဏီပေါင်း ၁၈၀ ခန့်ကိုဆက်သွယ်၍ ထုတ်ဝေခဲ့သည့် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ၏ အစီရင်ခံစာတွင် ဂျပန်လုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းမှာ နိုင်ငံရေးအပြောင်းအလဲနှင့် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး အကြီးအကျယ် ထိခိုက်သော်လည်း မြန်မာနိုင်ငံ၌ ဆက်လက်လုပ်ကိုင်နေကြောင်း၊ လုပ်ငန်းများ၏ ၅၂ ဒသမ ၃ ရာခိုင်နှုန်းမှာ လက်ရှိ လုပ်ငန်းလည်ပတ်မှုကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ပြီး ၁၃ ဒသမ ၅ ရာခိုင်နှုန်းမှာ တိုးချဲ့ကြောင်း၊ လုပ်ငန်းလျှော့ချသည့် ပမာဏမှာ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး ၆ ဒသမ ၇ ရာခိုင်နှုန်းမှာ လုပ်ငန်းရုတ်သိမ်းခြင်း တတိယနိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းခြင်းများလုပ်ဆောင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“အသစ်ဝင်မဲ့သူတွေတွေကတော့ စဉ်းစားနေကြတာတို့၊ စောင့်ကြည့်နေကြတာတို့ ရှိတယ်။ ဒါပေမဲ့လည်း တိုယိုတာက လုပ်ငန်းကို ခဏရပ်ထားတာကနေ ပြန်လုပ်နေတယ်။ လက်ရှိ လုပ်နေတဲ့စက်ရုံတွေကတော့ လည်ပတ်နေတယ်။ တော်တော်များများလည်ပတ်နေတယ်။ တချို့ကတော့ Market အခြေအနေကြောင့် နားလိုက်တာမျိုးရှိတယ်။ လျှော့လိုက်တဲ့လုပ်ငန်းတွေလည်း ရှိပါတယ် “ဟု သီလဝါစက်မှုဇုန်အတွင်း လုပ်ငန်းလုပ်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *