၁၁ – ၁၂ -၂၀၂၂
Written By Naddy
LGBT အခွင့်အရေးပိုမိုရရှိလာရန် ရည်ရွယ်၍ ထိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် Miss Fabulous International 2022 အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ်ရွှေယမင်းဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။
“ဒီပြိုင်ပွဲက အခြားပြိုင်ပွဲတွေနဲ့မတူဘူး။ အမျိုးသမီးတွေပြိုင်လို့ရသလို လိင်ပြောင်းထားတဲ့သူတွေလည်း ပါဝင်ခွင့် ရှိတဲ့ပွဲပါ။ ညီမက LGBT တွေနဲ့ အလုပ်လုပ်နေတာကြောင့် သူတို့အကြောင်းကို ကောင်းကောင်းသိတယ်။ မေးခွန်းတွေ ဖြေနိုင်မယ်လို့ယုံကြည်တယ်။ ညီမရဲ့ပထမဦးဆုံး ပြည်ပပြိုင်ပွဲဖြစ်တဲ့အတွက် ဆုတစ်ဆုရအောင်တော့ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ” ဟုအလှမယ် ရွှေယမင်းဦးက ပြောသည်။
အဆိုပါ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည့် Miss Fabulous International 2022 အလှမယ်ပြိုင်ပွဲကြီးတွင် Miss Fabulous Myanmar 2022 ဆုရှင် ရွှေယမင်းဦးက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရွှေယမင်းဦး သည် The Model Tachileik organization မှ Miss Gorgeous Tachileik 2022 ဆုရှင် အလှမယ် အဖြစ် ရွေးချယ်ထားခြင်းခံရသူဖြစ်ပြီး ယခုပြိုင်ပွဲသို့ အဆိုပါ Organization မှ တာဝန်ယူစေလွှတ်ခြင်းဖြစ်သည်။
” ဒီညီမက Activityနဲ့ပတ်သက်တဲ့ အမျိုးသား အမျိုးသမီး လိင်ပြောင်းထားသူတွေ LGBT နဲ့ Gay တွေအတွက် လူ့အခွင့်အရေး၊ အလုပ်အကိုင်အခွင့်အလမ်း တန်းတူအခွင့်အရေးရှိရေး ကျား/မ လိင်ခွဲခြားဆက်ဆံမှုမရှိစေရေးအတွက် စာနာနားလည်လက်တွဲကူညီဖို့ ဒီပြိုင်ပွဲမှာ အဓိကထားယှဉ်ပြိုင်သွားမှာပါ။ အင်တာဗျူးတွေပါသလို အမေးအဖြေတွေလည်း ပါဝင်မှာပါ။ ပြိုင်ပွဲအဖွင့်မှာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုအရ စကပ်အတိုလေးတွေဝတ်ဆင်ပြီး မိတ်ဆက်မယ်။ Fashion Round တွေ၊ Evening Round တွေ၊ ကော်ဇောနီမှာဖြတ်လျှောက်မယ့် Dinner Round တွေပါမှာပါ ” ဟု The Model Tachileik organization မှ မန်နေဂျာ ကိုဟိန်းသူရကျော်ကပြောသည်။
Miss Fabulous International 2022 ပြိုင်ပွဲကြီးတွင် အကောင်းဆုံးယှဉ်ပြိုင်မည်ဖြစ်ပြီး အနည်းဆုံးဆုတစ်ဆုရရန် မျှော်မှန်းထားကြောင်း အလှမယ်ရွှေယမင်းဦးကပြောသည်။
၎င်းပြိုင်ပွဲသို့ အာဆီယံဒေသတွင်းနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာနှင့် ဒိန်းမတ်၊ သြစတေးလျှ၊ တောင်အမေရိကစသည့် နိုင်ငံပေါင်း(၂၀)ခန့်မှ အလှမယ်များပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ winner ရရှိသူကို God Crownနှင့်အတူ ထိုင်းဘတ်ငွေ(၅)သိန်းချီးမြှင့်မည်ဖြစ်ကြောင်းသိရှိရသည်။