October 23, 2024

MT News

Written By Myo Khine

ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေပြီး နွေဦး​တော်လှန်ရေးဦးဆောင်သည့် NUG အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဇော်ဝေစိုးနေအိမ်ကို ချိပ်ပိတ်လိုက်ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။

ယင်း၏ နေအိမ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အင်းယားမြိုင် စုပေါင်းလမ်းရှိ အမှတ်(၈၁- အေ -၁၈) ဖြစ်ပြီး ယင်းနေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများအရ ဝရမ်းကပ် ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒေါက်တာဇော်ဝေစိုးရဲ့အိမ်ကို ချိပ်ပိတ်တာ မှန်ပါတယ်ခင်ဗျာ။ သူ့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ၅၀၅ (ခ) ထုတ်ပြန်ပြီးတဲ့နောက်မှာ ဒါတွေကို ဆက်လုပ်တာ ဖြစ်ပါတယ်”ဟု နစက သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက MT News သို့ ပြောသည်။

ဒေါက်တာဇော်ဝေစိုးသည် လွန်ခဲ့သော ၂၀၂၁ ခုနှစ်ကပင် အီတလီနိုင်ငံ ပါးမားမြို့သို့ လွတ်မြောက်ရောက်ရှိနေသူ ဖြစ်ကြောင်းလည်း သိရသည်။

ယင်းက ၎င်းတို့ လုပ်ဆောင်နေသည့်လုပ်ငန်းစဉ်များအပေါ် နိုင်ငံတကာနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ထောက်ခံကြောင်းနှင့် မကြာမီ အောင်ပွဲရတော့မည်ဟုလည်း အကြိမ်ကြိမ် ပြောဆိုခဲ့သူ ဖြစ်သည်။

ဒေါက်တာဇော်ဝေစိုးသည် အရိုးအထူးကုခွဲစိတ်ဆရာဝန်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နစကအာဏာထိန်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်တွင် NUG ၏ ကျန်းမာရေးဝန်ကြီးနှင့်ပညာရေးဝန်ကြီးအဖြစ်တာဝန်ယူနေသူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *