October 23, 2024

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲသည့် ခရီးလမ်းများ ပြန်ဖွင့်ပြီးနောက် ကြေညာထားမှုများကို တွေ့ရစဥ်

MT News

Written by Ye Kyaw

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပြန်လည်ဖွင့်ပေးထားခြင်းနှင့် စက်သုံးဆီဈေး အထိုက်အလျောက် ကျဆင်းလာသည့်အတွက် ကုန်သွယ်ရေး ပုံမှန်နီးပါးဖြစ်လာပြီး မကြာမီ ကုန်ဈေးနှုန်းများ ကျဆင်းလာရန် မျှော်လင့်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“လက်ရှိအခြေအနေကတော့ အဓိက ရခိုင်ကိုလာတဲ့ ကားလမ်း၊ ရေလမ်းပေါ့။ ဒီလမ်းကြောင်းနှစ်ခုမှာတော့ လက်ရှိမှာ တော်တော်များများလည်း ဖွင့်ထားပြီးသလောက်ပေါ့လေ။ ရန်ကုန်ကနေ လာတဲ့ ကားတွေလည်း စစ်တွေအထိလာလို့ရတဲ့အခြေအနေအထိရှိပါတယ်။ ဒါပေမဲ့ တချို့ပစ္စည်းလေးတွေကလည်း လက်ရှိအချိန်အထိ ကန့်သတ်ထားတဲ့ အနေအထားလေးတွေလည်း ရှိပါတယ်။ လူအများသုံးတဲ့၊ အများစုသုံးတဲ့ အခြေခံစားကုန်တော်တော်များများတော့ ဖွင့်ပေးထားတဲ့ အနေအထားတွေလည်း ရှိပါတယ်။ ပြည်တွင်းကုန်သွယ်မှုကတော့ ပြန်ဖွင့်တာလည်း တစ်ပတ်လောက်ပဲ ရှိသေးတာဆိုတော့ နည်းနည်းလေးတော့ ပြောမယ်ဆိုရင် ကြိုးစားပမ်းစား သူတို့ လုပ်တော့လုပ်နေကြတယ်။ ပုံမှန်အနေအထားတော့ လက်ရှိအချိန်ထိတော့ မရောက်သေးဘူးပေါ့” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိတ်ထားခြင်းအပြင် စက်သုံးဆီ တင်သွင်းမှုကိုပါ ယာယီပိတ်ထားခဲ့ခြင်းကြောင့် ကုန်ပစ္စည်းများ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် စစ်တွေအခြေစိုက် ‌ဒေသများတွင် ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ နဂိုနီးပါးပေါ့လေ။ ပြန်ဆင်းလာတဲ့ ပစ္စည်းတွေလည်းရှိတယ်။ တချို့ပစ္စည်းတွေကတော့ မဆင်းနိုင်သေးဘူး။ တော်တော်များများကတော့ နဂိုပုံမှန်အတိုင်းကို ဆင်းတဲ့ဟာတွေရှိပါတယ်။ အဓိက ကျွန်တော်တို့ဆီမှာ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်လာရင် စက်သုံးဆီပေါ့။ ဈေးနှုန်းက အရင်ပုံမှန်အတိုင်းရောက်ပြီးမှသာ ကျွန်တော်တို့မှာ တခြားသောကုန်ကျစရိတ်တွေ လိုက်ပြီးဆင်းမယ့်အနေအထားတွေ ရှိတယ်လေ။ ပိတ်တဲ့အချိန်မှာ စက်သုံးဆီလည်းပါတယ်။ ရခိုင်မှာ စစ်တွေအခြေပြုတဲ့ဒေသတွေဆို စက်သုံးဆီပြတ်လပ်တာလည်း ကြုံခဲ့ရတယ်။ ဒီဇယ်တစ်လီတာကို သုံးထောင်တို့ လေးထောင်တို့တောင်ဖြစ်တဲ့ အနေထားတွေပေါ့လေ။ အခုက သူတို့လည်း တော်တော်လေး လျော့ကျလာပါပြီ။ မကြာခင် ကျွန်တော်ထင်တယ်။ ပြတ်သွားတဲ့ပစ္စည်းတွေက အခုမှ ဖြည့်တင်းတဲ့ အနေအထားတွေပဲရှိသေးတယ်။ နောက်မကြာခင်တော့ အရင်မပိတ်ခင် အခြေအနေကိုတော့ ရောက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် တပ်မတော်နှင့် AA တို့ ပြီးခဲ့သည့် ဇူလိုင်လလယ်၌ တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဂျပန်နိုင်ငံ

နိပွန်ဖောင်‌ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်ဆောင်ရွက်မှုနှင့် ရခိုင်ပြည်သူလူထု စစ်ဘေးကြောင့် ခံစားနေရခဲ့သည့် အကျပ်အတည်းများကို လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အပစ်အခတ်ရပ်စဲပြီးနောက် ကုန်းလမ်းတချို့ကို တပ်မတော်က ပြန်လည်ဖွင့်ပေးခဲ့ခြင်း၊ ကာလကြာရှည်ပိတ်ထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရေလမ်းကြောင်း ခရီးစဥ်များကို ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *