October 23, 2024

MT News

Written by Nay Moe

အမေရိကန်က PDF အတွက် NDAA မှ ဒေါ်လာသန်း ၄၇၀ ကူညီမည်သတင်းများကြောင့် “မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခုဖြစ်လာတော့မယ်” ဟု NUG ဝန်ကြီးဒေါ်ဇင်မာအောင် ပြောကြားမှု ပျံ့နှံ့နေသော်လည်း ထိုသို့ဆိုလိုခြင်း မဟုတ်ကြောင်းနှင့် False Hope များ မပေးလိုကြောင်း ဒေါ်ဇင်မာအောင်က ယမန်နေ့တွင် ပြန်လည်ပြန်ရှင်းလင်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များကို လက်နက်မဟုတ်သော အကူအညီ ဒေါ်လာသန်း ၄၇၀ ထောက်ပံ့မည့် National Defence Authorization Act 2023 ကို အောက်လွှတ်တော်မှ အတည်ပြုပြီးနောက် အထက်လွှတ်တော်မှ အတည်ပြုရန် ကျန်နေသေးသော်လည်း ပြည်တွင်းမှ သာမန်လူများအကြားတွင် အမေရိကန်က PDF များအတွက် ဒေါ်လာသန်း ၄၇၀ ပေးမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေါ်ဇင်မာအောင်က “မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခုဖြစ်လာတော့မယ်”ဟု ပြောခဲ့သည်ဆိုကာ သတင်းများ ပျံ့နှံ့လာခဲ့ပြီး ထိုသို့ပျံ့နေမှုအပေါ် ဒေါ်ဇင်မာအောင်က False Hope မပေးလိုဟု ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်ဇင်မာအောင်က ရေးသားခဲ့သည်မှာ ”အောက်လွှတ်တော်မှာ (၃၅၀-၈၀) မဲနဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် NDAA ကို မဲခွဲ အတည်ပြုခဲ့ပါတယ်။ အထက်လွှတ်တော်မှာ ဆက်လက်အတည်ပြုဖို့ ကျန်နေသေးပေမယ့် ဒါဟာ မဖြစ်စဖူးထူးခြားတဲ့ (Incredible) အရွေ့တစ်ခုဖြစ်ပါတယ်။ ဒီ ဥပဒေဟာ ဒီမိုကရေစီအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်နေတဲ့ မျှော်လင့်ချက်ကို အထောက်အကူဖြစ်ပါလိမ့်မယ်” ဟု အင်္ဂလိပ်လိုရေးသားခဲ့မှုမှာ “မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခုဖြစ်လာတော့မယ်”ဟု ပွလာခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ် ဒေါ်ဇင်မာအောင်က ”ပထမပုံက Message ကိုတွေ့တော့ ဘယ်မှာများပြောခဲ့ပါလိမ့်လို့ အံ့ဩပြီး ကိုယ့်ကိုယ်ကိုယ် Review လုပ်မိပါတယ်။ အခုရက်ပိုင်း မီဒီယာ အင်တာဗျူးလည်းမပေးမိပါ။ NDAA နဲ့ပက်သက်ပြီးတင်ခဲ့တဲ့ Post က ကောက်နုတ်ချက်ဖြစ်ပါလိမ့်မယ်။ သင်ခန်းစာယူပြီး မြန်မာလို ဘာသာပြန် ပြန်ထည့်လိုက်ပါတယ်။ ပြည်သူတွေ အာဏာရှင်စနစ်ဖြုတ်ချရေး တော်လှန်ရေးမှာ ဆက်လက်ကြံကြံ့ခံ အားတင်းပါဝင်နေဖို့ လိုအပ်သလို ဆက်လက်ပါဝင်နေဖို့ အားအင်တွေ ရှိဖို့ လိုအပ်တယ်ဆိုတာလည်း အမှန်တရားပါ။ သို့သော် False hope သဘောမျိုး ဖြစ်စေမယ့် သတင်းစကားမျိုးကိုတော့ သတိထားပြီး ရှောင်ရှားဖြစ်ပါတယ်” ဟု ပြန်လည်ရှင်းလင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *