၂. ၄. ၂၀၂၄
Written by Pan Ei
တောင်ကိုရီးယားက နာမည်ကြီး မင်းသား လီဂျယ်ဝုနဲ့ နာမည်ကြီး အမျိုးသမီးအဆိုရှင်အဖွဲ့ Aespa ရဲ့ အဖွဲ့ဝင် ကယ်ရီနာ တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သူတို့နှစ်ဦးသားတွဲနေကြပြီလို့ အတည်ပြုခဲ့ကြပေမဲ့ ဒီနေ့ ဧပြီလ ၂ ရက်မှာတော့ ပြတ်စဲသွားကြပြီလို့ နှစ်ဖက် အေဂျင်စီတွေက အတည်ပြုခဲ့ကြပါတယ်။
လီဂျယ်ဝု နဲ့ ကယ်ရီနာ တို့ တွဲနေတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်က တောင်ကိုရီးယားမီဒီယာ Dispatch က စတင် ဖော်ပြခဲ့တာဖြစ်ပြီး ဒီသတင်းကို ကြယ်ပွင့်နှစ်ဦးရဲ့အေဂျင်စီတွေကလည်း လျင်မြန်စွာ အတည်ပြုခဲ့ကြပါတယ်။
Aespa ရဲ့အဖွဲ့ဝင် ကယ်ရီနာဟာ မင်းသား လီဂျယ်ဝုနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ လူသိရှင်ကြားထွက်ပေါ်လာခဲ့ပြီးနောက် ဒေါသထွက်နေတဲ့ ပရိသတ်တွေက ကယ်ရီနာကို ‘သစ္စာဖောက်’ လို့ စွပ်စွဲခဲ့ကြရာ သူမက လက်ရေးစာနဲ့တကွ တောင်းပန်ခဲ့ရသလို မင်းသား လီဂျယ်ဝုရဲ့ အေဂျင်စီဘက်ကလည်း ကယ်ရီနာနဲ့ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှားတွေကို ရှုတ်ချရင်း တရားစွဲ အရေးယူမှုတွေလည်း ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ကာ နှစ်ဦးသား အပြန်အလှန် ကာကွယ်ပေးခဲ့ကြပေမဲ့ ခုလို တွဲပြီး ၁ လကျော်လောက် အချိန်မှာပဲ လမ်းခွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ ပြတ်စဲတဲ့ သတင်းကို လီဂျယ်ဝုရဲ့အေဂျင်စီဖြစ်တဲ့ C-JeS က “လီဂျယ်ဝု က သူလက်ရှိရိုက်ကူးနေတဲ့ ပရောဂျက်ကို အာရုံစိုက်ဖို့အတွက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီတဲ့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ထုတ်ပြန်ခဲ့သလို ကယ်ရီနာရဲ့ အေဂျင်စီဖြစ်တဲ့ SM အင်တာတိန်းမန့်ကလည်း “သူတို့ လမ်းခွဲခဲ့တာ အမှန်ပါပဲ” လို့ အတည်ပြုပေးခဲ့ပါတယ်။
လီဂျယ်ဝု နဲ့ ကယ်ရီနာတို့ဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ ဖြစ်နေတာကြောင့် သူတို့ရဲ့ အချစ်ရေးသတင်းအပေါ် သဘောကျသူတွေရော ဝေဖန်သူတွေပါ အများအပြားရှိခဲ့ရာ Tenasia ရဲ့သီးသန့်အစီရင်ခံစာတစ်ခုအရတော့ သူတို့နှစ်ဦးသားရဲ့ လမ်းခွဲရခြင်းအကြောင်းရင်းမှာ ပရိသတ်တွေရဲ့အမုန်းစကားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရတာတွေကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
လီဂျယ်ဝုဟာ ၂၀၁၈ ခုနှစ်က tvN ရဲ့ “Memories of the Alhambra” နဲ့ ပွဲဦးထွက်ခဲ့ပြီး အခုလက်ရှိမှာ ပြသနေတဲ့ “The Impossible Heir” ဆိုတဲ့ ဒရမ်မာမှာလည်း ဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်။ အဆိုတော် ကယ်ရီနာကလည်း ၂၀၂၀ ပြည့်နှစ်က မိန်းကလေးအဖွဲ့ Aespa ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့ပြီး အဖွဲ့ရဲ့ “Black Mamba”၊ “Next Level”၊ “Savage”၊ “Girls”၊ “Spicy” နဲ့ “Drama” တို့လိုမျိုး သီချင်းတွေနဲ့ ထင်ရှားတဲ့ အောင်မြင်မှုရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။
Ref; Soompi