၂. ၄. ၂၀၂၄
Written by Hey Mar
အရက်သေစာသောက်စားကာ မူးပြီးမောင်းလာတဲ့ တက္ကစီက လှိုင်သာယာမြို့နယ် BOC အဝိုင်း အနီးဝန်းကျင် ဂတ်စ်ဆိုင်ရှေ့မှာ ရပ်ထားတဲ့ကား ၃ စီးနဲ့ ပလက်ဖောင်းပေါ်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူတွေကိုပါ ဝင်တိုက်လို့ တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် မနေ့က ဧပြီ ၁ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာ၊ သမကုန်းအဝိုင်းမီးပွိုင့်ကိုဖြတ်လာတဲ့ တက္ကစီကားက အရှိန်မထိန်းနိုင်ဘဲ ဂတ်စ်ထည့်ဖို့တန်းစီနေတဲ့ ယာဉ်ငယ်သုံးစီးအပါအဝင် ပလပ်ဖောင်းပေါ်အထိ ကျော်တက်ရောက်ရှိကာ ဘတ်စ်ကားစောင့်နေကြတဲ့ အမျိုးသား လေးဦးကို တိုက်မိတာလို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးနေရာတင်သေဆုံးကာ နောက်ထပ်အမျိုးသားတစ်ဦး ဦးခေါင်းပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ သိရပါတယ်။
“ခြေကျိုး ၊ လက်ကျိုးနဲ့ ပေါက်ပြဲဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ မူးပြီးမောင်းတဲ့ တက္ကစီယာဉ်မောင်းကိုတော့ ရဲကဖမ်းသွားတယ်။ ထိခိုက်ဒဏ်ရာရတာက အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦး ။ အမျိုးသမီးက တိုက်တဲ့တက္ကစီပေါ်ပါလာတာ။ ဘာမှတော့ ကြီးကြီးမားမားဖြစ်ဘူး။ ခေါင်းမူးယုံလောက်ပဲ။ ကားစောင့်နေတဲ့ အမျိုးသားတွေပဲ ဒဏ်ရာများကြတာ“ လို့ MT News က ဆက်သွယ်မေးမြန်ရာမှာပြန်လည်ဖြေကြားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ စီစဉ်ညွှန်ကြားချက်နဲ့ မြောက်ဥဣလာပပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကို အလင်းသစ် လူမှုကူညီရေးအသင်း၊ ကွက်လပ်ဖြည့်သူ လူမှုကူညီရေးအသင်း၊ ကရုဏာနုဂ္ဂဟ လူမှုကူညီရေးအသင်း၊ တူညီသောတွဲလက်များ လူမှုကူညီရေးအသင်း၊ ဝိပါက လူမှုကူညီရေးအသင်း၊ ခွန်အားသစ် လူမှုကူညီရေးအသင်း၊ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းတို့က ပူးပေါင်းပြီး ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။