၂. ၄. ၂၀၂၄
Written by KL
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြမာလာကျေးရွာမှာ အကြွေးတောင်းရင်း လူငယ်နှစ်ဦး စကားများပြီး ဓားထိုးမှုဖြစ်စဥ်တစ်ခု ဧပြီလ ၁ ရက် နေ့လယ် ၁ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။
အသက်၂၈ နှစ်အရွယ် ကိုနိုင်ထွေးက အိမ်မှာရှိနေတုန်း အသက်၂၁ နှစ်အရွယ် ကိုအောင်မြင့်သိန်း(ခ)ဖိုးလက်ကောက် က ရောက်လာပြီး အကြွေးတောင်းရာကနေ စကားများခဲ့တာကြောင့် ကိုအောင်မြင့်သိန်းကို ကိုနိုင်ထွေးက လက်သီးနဲ့ထိုးခဲ့ပါတယ်။
လက်သီးနဲ့ထိုးတဲ့ ကိုနိုင်ထွေးကို ကိုအောင်မြင့်သိန်းက ဓားနဲ့ပြန်ထိုးခဲ့တာကြောင့် ဘယ်ဘက်လက်ပြင် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့လို့ ကျိုက္ခမီပြည်သူ့ဆေးရုံကို တင်ပို့ကုသထားရပြီးအသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဓားထိုးမှုနဲ့ပတ်သက်လို့ ကိုအောင်မြင့်သိန်းကို သံဖြူဇရပ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၂၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။