October 18, 2024

၁. ၄. ၂၀၂၄
Written by Shwe Phyo

တရုတ်စစ်တပ်သည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျည်အစစ်ဖြင့်ပစ်ခတ်မည့် စစ်ရေးလေ့ကျင့်ခန်းများကို ဧပြီ ၂ရက်နှင့် ဧပြီ ၃ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအခြေစိုက် သတင်းများတွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်သည် မြန်မာနယ်စပ်ဒေသတွင်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းကို ဧပြီ ၂ ရက်နေ့ နံနက် ၈ နာရီမှ ဧပြီ ၃ ရက်နေ့ ည ၆ နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။

တရုတ်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က လူများ၊ ယာဉ်များကို စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည့်နေရာဝန်းကျင်နားကို မလာရောက်စေရန် တင်းကြပ်သော အစီအမံများထုတ်ပြန်ထားသည်။

တရုတ်စစ်တပ်သည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ယူနန်ပြည်နယ် Yingjiang ကောင်တီနှင့် Luanchuan ကောင်တီတို့ရှိ မတူညီသောနေရာ ၅ ခုတွင်ပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါစစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည့် နေရာကို ဝင်ရောက်သွားလာခြင်းကို တားမြစ်ထားကြောင်း သိရသည်။

ထို့အပြင် စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည့်နေရာ၏ ဝေဟင်ပိုင်နက်အတွင်းတွင်လည်း လေယာဉ်များဖြတ်သန်းမောင်းနှင်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နယ်စပ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား နယ်နိမိတ်ချင်း ၂၂၀၄ ကီလိုမီတာ ထိစပ်နေသလို အဆိုပါစစ်ရေးလေ့ကျင့်ခန်းနှင့်ပတ်သက်ပြီး သတင်းအချက်လက်များစုဆောင်းရယူခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများကိုလည်း တားမြစ်ထားကြောင်းသိရသည်။

ပြီးခဲ့သောနှစ်က တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနယ်စပ်ဒေသများတွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မကြာမီ တရုတ်စစ်တပ်သည် မြန်မာနယ်စပ်ဒေသနားတွင် စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။

Ref; TASS

Leave a Reply

Your email address will not be published. Required fields are marked *