October 18, 2024

၁.၄.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်နိုင်ငံတစ်နိုင်ငံလုံးမှ လျှပ်စစ်ကားများအားသွင်းရန် အားသွင်းစခန်း ၅ သိန်း တည်ဆောက်ပေးသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကပြောခဲ့သည်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း လက်တွေ့တွင် အမေရိကန်၌ လျှပ်စစ်ကားများအတွက် ဓာတ်အားသွင်းစခန်း ခုနှစ်ခုသာ ပြည်နယ်လေးခုအတွင်း တည်ဆောက်ပြီးစီးခဲ့သည်။

Washington Post သတင်းစာကလည်း လျှပ်စစ်ကားများအတွက် အခြေံအဆောက်အအုံများတည်ဆောက်ရန် ရန်ပုံငွေအဖြစ် ဒေါ်လာ ၅ ဘီလျံကို ခွဲဝေလျာထားခဲ့ကြောင်း၊ ရန်ပုံငွေ၏အများစုပမာဏမှာ အဓိကပြည်နယ်များအကြား လျှပ်စစ်ကားများအတွက် လျင်မြန်သောအားသွင်းစခန်းများတည်ဆောက်ရန်ပင်ဖြစ်ကြောင်း၊ ၎င်းတို့ကို အဓိကအဝေးပြေးလမ်းမကြီးများပေါ် မိုင် ၅၀ ခန့်တွင် တစ်ခုကျ အနည်းဆုံးတည်ဆောက်သွားကြရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လျှပ်စစ်ကားအားသွင်းစခန်း ခုနှစ်ခု တည်ဆောက်ပြီးစီးခဲ့သော ပြည်နယ်လေးခုမှာ ပန်ဆယ်လ်ဗေးနီးယား၊ အိုဟိုင်းအိုး၊ ဟာဝိုင်အီနှင့် နယူးယော့ခ် ပြည်နယ်များဖြစ်ကြကာ ကား ၃၈ စီးအတွက်သာ တစ်ပြိုင်တည်းအားသွင်းရန် နေရာများရှိမည်ဖြစ်သည်။

ပြည်နယ် ၁၂ ခုကိုမူ အားသွင်းစခန်းများတည်ဆောက်ရန်အတွက် ကန်ထရိုက်သဘောတူညီချက်များ ပေးခဲ့ပြီဖြစ်သည်။ သို့သော် အခြားပြည်နယ် ၁၇ ခုကမူ အားသွင်းစခန်းများတည်ဆောက်ရန် အဆိုပြုချက်များ တင်သွင်းမလာသေးဟုသိရသည်။

အကယ်၍သာ အမေရိကန်ကွန်ဂရက်ကို ရီပတ်ဘလစ်ကန်ပါတီဝင်တို့ကသာ လွှမ်းမိုးထိန်းချုပ်လာနိုင်ပါက အိမ်ဖြူတော်၏ လက်ရှိအကောင်အထည်ဖော်ဆဲ စီမံကိန်းအချို့မှာ ဒုံရင်းအခြေအနေသို့ ပြန်ရောက်နိုင်ကြပြီး ၎င်းတို့တွင် အဆိုပါ လျှပ်စစ်ကားများအတွက် အားသွင်းစခန်းများတည်ဆောက်ရေးအစီအစဉ်လည်းပါနိုင်သည်ဟု ခန့်မှန်းကြသည်။

ဘိုင်ဒန်၏ ပြိုင်ဖက် ဒေါ်နယ်ထရန့်ဆိုလျှင် ဒီမိုကရက်ပါတီ၏ ကာဘွန်ထုတ်လွှတ်မှုမရှိသော စွမ်းအင်အရင်းအမြစ်များအသုံးပြုရေးကို ဆန့်ကျင်သူဖြစ်သည်။

Ref-Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *