၁. ၄. ၂၀၂၄
Written by Pan Ei
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန (ATPD) ဟာ ဘန်ကောက်မြို့က လူစည်ကားတဲ့ ဝမ်တုံလန်း ခရိုင်ရှိ ထိုင်းအနှိပ်ခန်းတစ်ခုမှာ အထောက်အထားမဲ့ မြန်မာ အလုပ်သမား ၁၅ ဦးနဲ့ ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးခဲ့ပြီး ဒီအဖြစ်အပျက်ဟာ လူစည်ကားတဲ့ လတ်ဖရာအို စျေးဝယ်စင်တာဧရိယာအတွင်းမှာ မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
အမည်မသိသူတစ်ဦးရဲ့ သတင်းပေးချက်အရ အဆိုပါ အနှိပ်ခန်းမှာ ပြည့်တန်ဆာလုပ်ငန်းတွေပါ လျှို့ဝှက်လုပ်ဆောင်နေတယ်လို့ သတင်းရတာကြောင့် သွားရောက် စစ်ဆေးခဲ့ရာ ဆနစ်လို့သိကြတဲ့ အနှိပ်ဆိုင်ပိုင်ရှင်နဲ့ မြန်မာနိုင်ငံက အလုပ်သမား ၁၅ ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ATPD ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ ထိုင်းနိုင်ငံမှာ လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်းမရှိဘဲ နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား အလုပ်သမားတွေဟာ အမျိုးသား ဖောက်သည်တွေကို အနှိပ်ဝန်ဆောင်မှုတွေနဲ့အတူ တရားမဝင် ပြည့်တန်ဆာဝန်ဆောင်မှုတွေပါ ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းရဲဌာနခွဲ အမှတ် ၁ ကို ပို့ဆောင်ထားပြီး တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အနှိပ်ခန်းပိုင်ရှင်ဟာ သင့်လျော်တဲ့ တရားဝင်ခွင့်ပြုချက်မရရှိဘဲ ရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေမဲ့အလုပ်တွေ ပေးအပ်ထားမှုအတွက် ကြီးလေးတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ATPD က ပြောကြားခဲ့ပါတယ်။
Ref; The Thaiger