MT News
၃၀. ၃. ၂၀၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၃၁၀ ပေတွင်တည်ရှိပြီး မြောက်ဘက်တွင် ဟိုပုံးမြို့နယ်၊ အရှေ့ဘက်တွင် မောက်မယ် မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပြီး ပအိုဝ့် တိုင်းရင်းသားအများစု အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်ကြသည့် မြို့တစ်မြို့ဖြစ်သော်လည်း KNPP ၊ KNDF အဖွဲ့နှင့် PDF များနှင့် PNLO အဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်မှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင် ပုံဖျက် ဝင်ရောက်ပြီးနောက် ဒေသအချို့ရှိ တပ်မတော် တပ်စခန်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓ္ဓမ လုယက် ယူဆောင်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရသည်။
အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများအားလုံးမှပူးပေါင်း၍ ၃၂ ရက်ကြာ အစွမ်းကုန် သောင်းကျန်းသူ ချေမှုန်းရေးအား ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့်အတွက် ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည် အခြေချ ဝင်ရောက်နေထိုင် လျက်ရှိရာ နယ်မြေခံတပ်မတော်သားများက အကြမ်းဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် မြို့၊ ရွာ များ သန့်ရှင်းသာယာလှပရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ ပြန်လည် ထူထောင် ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ ငွေများ ပေးအပ်လျက်ရှိသည်။
အစဉ်အဆက် တည်ငြိမ်အေးချမ်း၍ ရိုးသားအေးချမ်းစွာ နေထိုင်သော ပအိုဝ့်တိုင်းရင်းသားတို့၏ ဆီဆိုင်ဒေသသည် PNLO အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ယခုကဲ့သို့ အရုပ်ဆိုးအကျဉ်းတန်ခဲ့ရပြီး ၎င်းအဖွဲ့အနေဖြင့် လက်နက်မှောင်ခိုမှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက် မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနှင့် ဆက်စပ်ပစ္စည်းများ အားလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် စံဖူးကျေးရွာ၌ မော်တော်ယာဉ် ၅ စီးဖြင့် တင်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးစဉ် ၎င်းတို့အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးနေသော လက်နက်မျိုးစုံ ၅၀၄ လက်၊ အာပီဂျီ ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် ခဲယမ်းအချို့အားလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ PNLO အကြမ်းဖက်အဖွဲ့အနေဖြင့် NUG ၊ KNPP ၊ KNDF နှင့် KPDF များ၏ မြောက်ပင့်စည်းရုံးမှုကြောင့် ဒေသအတွင်း အာဏာတည်ဆောက်နိုင်ရေး၊ အကြမ်းဖက်အုပ်ချုပ်ရေးအတွက် အကြောက်တရားဖြင့် မိမိတို့ လူမျိုးတူ ပအိုဝ့်တိုင်းရင်းသားတို့အပေါ် စာနာမှုကင်းမဲ့စွာ ၎င်းတို့၏ လက်နက်မှောင်ခိုမှုအား သတင်းပေးအဖြစ် စွပ်စွဲ၍ ပအိုဝ့်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာများအား မီးရှို့မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့်အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ့်ကိုယ်ပိုင်ချုပ်ခွင့်ရဒေသအတွင်း တည် ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသအတွင်း အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ပြည်ထောင်စုလမ်းမကြီးအား ဖြတ်တောက်ပိတ်ဆို့ရန်အတွက် ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ လုံခြုံရေး တပ်စခန်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူချေမှုန်းရေးနှင့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ အကြမ်းဖက် အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၉ ရက်တွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်အား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့တွင် ယာယီရပ်တန့်ခဲ့သည့် ခရီးသွားယာဉ်များနှင့် ကုန်တင်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ခဲ့သည်။
NCA လက်မှတ်ရေးထိုးထားသော်လည်း ဒေသခံမဟုတ်သည့် အခြားသော အကြမ်းဖက်သောင်းကျန်းသူများ၏ မြှောက်ပင့်စည်းရုံးမှုအပေါ် အာဏာတည်ဆောက်နိုင်ရေး စိတ်ကူးယဉ်မှုနှင့်အတူ PNLO အကြမ်းဖက်အဖွဲ့၏ မိမိလူမျိုးချင်းအပေါ် သစ္စာမဲ့စွာ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် သည်းမခံနိုင်တော့သဖြင့် ဆီဆိုင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပအိုဝ့်တိုင်းရင်းသားများအနေဖြင့် ရွာလုံးကျွတ်နီးပါး အင်အားစုစည်း၍ တပ်မတော်၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလက်တွဲ၍ ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဟိုခဲဘုန်းကြီးကျောင်းနှင့် ဆေးရုံအားလည်းကောင်း၊ မတ်လ ၂ ရက်နေ့တွင် ဆေးရုံဝန်ထမ်းအိမ်ရာနှင့် ရဲစခန်းအားလည်းကောင်း၊ မတ်လ ၁၃ ရက်နေ့တွင် မွေတော်ဘုရား ကုန်းအားလည်းကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် စံဖူးကျေးရွာအား လည်းကောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ကျောက်ကချားအားလည်းကောင်း၊ မတ်လ ၂၅ ရက်နေ့တွင် ဘုရားဖြူလမ်းဆုံအားလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဆီဆိုင်မြို့ အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက် သောင်းကျန်းသူ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်သည်အချို့၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံ တိုင်းရင်းသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ ဆီဆိုင်ဒေသအား PNLO ၊ KNDF ၊ KPDF ပူးပေါင်းအဖွဲ့များ၏ လက်မှ အမြန်ဆုံးပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒေသခံတိုင်းရင်း သားပြည်သူတို့အနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် အားတက်သရော အသက်စွန့်၍ ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။