၁၀. ၁၂. ၂၀၂၂
Written by Phyo Wei
မော်တော်ယာဉ်တင်သွင်းခွင့်တွေ ပိတ်ပင်ထားတာကြောင့် Showroom တချို့ဟာ Deposit ပြန်ထုတ်ပြီး အရောင်းစင်တာကိုပါ ပိတ်သိမ်းဖို့ ကြံဆလာတယ်ဆိုတဲ့ ဒီရက်သတ္တပတ်မှာ အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်ပြီး ကျပ် ၈၀၀၀ ပတ်ခြာလည် ရချင်တယ်ဆိုတဲ့ အသံတွေ ဆူညံလာနေတာကိုလည်း တွေ့ရပြန်ပါ တယ်။ မော်တော်ယာဉ်စျေးနှုန်းတွေ အရင်ထက် မြင့်တက်လာနေသလို တစ်ဖက်မှာလည်း ကုန်စျေးနှုန်းကြောင့် ကျပ်တည်းနေတဲ့ အခြေခံအလုပ်သမားပြည်သူတွေက လုပ်ခလစာတိုးမြှင့်ရချင်လာတာ မဆန်းပေမဲ့ ဒီကာလအတွင်းမှာတော့ ဖြစ်နိုင်ခြေမရှိသေးတဲ့အခြေအနေလည်းဖြစ်နေတာကြောင့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဆင်းရဲနွမ်းပါးလို့ အဂတိလိုက်စား၊ အဂတိလိုက်စားလို့ ဆင်းရဲနွမ်းပါးရတယ်ဆိုတဲ့ အကြောင်းတွေ၊ FATF ရဲ့အရေးယူမှုနောက်ပိုင်းမှာ ကြပ်မတ်လာတဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သတင်းပေးအဖွဲ့တွေအကြောင်းနဲ့ SAC လက်ထက် နှစ်နှစ်အတွင်းမှာ FDI ကနေ ဒေါ်လာ ၄ ဘီလျံခွဲနီးပါးဝင်လာတယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
ဆင်းရဲနွမ်းပါးလို့ လိုက်စားရတဲ့ အဂတိ
“အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက် စားမှုများလေ” ဖြစ်နေတယ်လို့ SAC ဥက္ကဋ္ဌ က ဒီဇင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။
ဒီလိုတွေဖြစ်နေတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်မှာ တားဆီးကာကွယ်တာ၊ အသိပညာပေးတာ၊ စုံစမ်းစစ်ဆေးအရေးယူတာ စတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်ကြစေဖို့ ရေးဆွဲထားတယ်လို့လည်း သိရပါတယ်။
လက်ရှိ တာဝန်ယူထားတဲ့ SAC ရဲ့ အမျိုးသားရေးမျှော်မှန်းချက်ဟာ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေး ဒါတွေနဲ့ ဆက်စပ်ပြီး ပြည်တွင်းစီးပွားရေးမြှင့်တင်နိုင်ပြီးတော့ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်လာဖို့ဖြစ်တယ်လို့လည်း ပြောပါတယ်။
အဂတိလိုက်စားမှုကို မြန်မာနိုင်ငံမှာ တိုက်ဖျက်နေပေမဲ့ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကျပ်ဘီလျံ ၂၆၀ လောက်နဲ့ ဒေါ်လာ ၁၃၃ သိန်းကျော်ဖိုးအထိ နိုင်ငံနစ်နာအောင် လာဘ်စားကြသူတွေ အရေးယူပေမဲ့ မထိရောက်တာကိုလည်း မြင်နေရသလို စွန့်ပြီးတော့ကို လာဘ်စားသူတွေလည်း ရှိနေတာဆိုတော့ ဒီ့အတွက် ဘယ်လိုထိရောက်အောင် လုပ်ဆောင်မလဲဆိုတာကို အဖြေရှာရမှာပါ။
ကော်မရှင် မလွတ်လပ်ရင် လွတ်လပ်တဲ့ကော်မရှင်ဖြစ်ဖို့၊ အဂတိမှုနဲ့ အရေးယူခံရရင် ခြွင်းချက်မရှိ ပိုင်ဆိုင်မှုအကုန်သိမ်းဖို့၊ ဝန်ထမ်းစည်းမျဉ်းနဲ့ အရေးယူမှုတွေကို အဂတိလိုက်စားမှုနဲ့ ပြင်းပြင်းထန်ထန်ပြောင်းလဲအရေးယူဖို့၊ လုံလောက်တဲ့လစာပေးနိုင်ဖို့၊ လာဘ်ပေးသူကိုပါ အရေးယူနေတာကြောင့် မတိုင်ကြားရဲဖြစ်လာတဲ့ အခြေအနေတစ်ခုကို ပြောင်းလဲဖို့ စတဲ့အခြေအနေတွေကိုပါ တွေးဆရတော့မှာပါ။
ဒီလိုမျိုး အားနည်းချက်တွေ အဖြေမရှာနိုင်သရွေ့တော့ အဂတိလိုက်စားမှုကင်းစင်ပြီး တိုင်းပြည် သာယာ ဝပြောရေးနဲ့ စားရေရိက္ခာပေါများရေးမျှော်လင့်ချက်တွေက လိုက်လေ ဝေးလေဖြစ်နေဦးမှာပါ။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သတင်းပေးအဖွဲ့တွေအကြောင်း
အပြည်ပြည်ဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(FATF) ရဲ့ အမည်ပျက်စာရင်းကနေ တစ်နှစ်အတွင်း ရုန်းထွက်ရမဲ့ မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့တဲ့ လုပ်ရပ်အားလုံးကို ထိရောက်စွာတားဆီးနိုင်ဖို့ စနစ်တကျ ကြပ်မတ်လာသလို လက်ရှိမှာလည်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကျောက်မျက်ရတနာအသင်း၊ သတ္တုရောင်းဝယ်ရေးအသင်း၊ ဥပဒေပညာရှင်များအသင်း၊ ပြည်သူ့လက်မှတ်ရ စာရင်းကိုင်များအသင်း စတဲ့ငါးသင်းကို သတင်းပေးအဖွဲ့တွေအဖြစ် ကြပ်မတ်လာတာကို တွေ့ရပါတယ်။ ဒီအဖွဲ့ငါးခုဟာ တကယ့်တကယ်မှာလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် မဖြစ်မနေကြပ်မတ်ရမဲ့ အဖွဲ့တွေလည်း ဖြစ်နေပါတယ်။
ငွေကြေးခဝါချသူတွေဟာ အကြောင်းမျိုးစုံနဲ့ ရလာတဲ့ငွေမည်းတွေကို အိမ်ခြံမြေ၊ ကျောက်မျက်၊ သတ္တု စတဲ့ ကဏ္ဍတွေဆီကို အခွန်ဆောင်ပြီး ငွေဖြူအသွင် ပြောင်းလဲပစ်ကြရာမှာ ဒီငွေမည်းတွေကို ငွေဖြူဖြစ်အောင် စနစ်တကျလုပ်ကိုင်ပေးသူတွေကလည်း ရှိနေတော့ ဒီလိုမျိုး အဖွဲ့ငါးဖွဲ့ကို စနစ်တကျ ကြပ်မတ်နိုင်လေ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာတွေကို အရေးယူနိုင်လေဖြစ်လာမှာပါ။
ဒီလို အရေးယူနိုင်မှလည်း FATF ရဲ့ အမည်ပျက်စာရင်းက တစ်နှစ်အတွင်း လွတ်နိုင်မှာပါ။ ဒီနေရာမှာ သတိချပ်ရမှာကတော့ အဆင့်ဆင့်သော တာဝန်ရှိသူတွေ အဂတိမလိုက်စားအောင် ကျပ်မတ်ဖို့ပါ။ ကျပ်သိန်း ၁ သိန်းတန် အိမ်ခြံမြေကို ငွေဖြူပြပြီးဝယ်ဖို့ ကျပ်သိန်း ၁၀၀၀၀ လောက် လာဘ်ပေးလိုက်တယ်ဆိုတာမျိုးပဲ ဆက်ဖြစ်နေရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး။
နှစ်နှစ်အတွင်း ဒေါ်လာ ၄ ဘီလျံခွဲနီးပါးဝင်တဲ့ FDI
SAC ရဲ့ နှစ်နှစ်သက်တမ်းမကုန်ခင်မှာ ဒေါ်လာ ၄ ဘီလျံခွဲနီးပါး ဝင်လာတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေက ဆိုပါတယ်။
ဦးသိန်းစိန်တာဝန်ယူခဲ့တဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ ဒေါ်လာ ၂၇ ဘီလျံကျော် FDI ဝင်ခဲ့တာနဲ့၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD အစိုးရဟောင်း တာဝန်ယူခဲ့တဲ့ ငါးနှစ်မှာ ဒေါ်လာ ၂၄ ဘီလျံဝင်လာတာနဲ့ ချိန်ထိုးမယ်ဆိုရင်တော့ SAC စတင်တာဝန်ယူခဲ့တဲ့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိမှ FDI ဒေါ်လာ ၄ ဒသမ ၄၆၁ ဘီလျံဝင်တယ်ဆိုတာက တစ်နှစ်စာတောင် မရှိဘူးလို့ ပြောရမှာပါ။
ဒါပေမဲ့လည်း NLD အစိုးရဟောင်းလက်ထက် ရခိုင်ပြည်နယ်အဖြစ်အပျက်ကို ကမ္ဘာ့အရေးဖြစ်အောင် ဆွဲတင်ခဲ့ပြီးကတည်းက FDI တွေဆက်တိုက်ကျခဲ့တာဟာ ကိန်းဂဏန်းတွေမှာ တွေ့ရမှာပါ။
ရခိုင့်အရေးလို ဖြစ်ရပ်လေးတစ်ခုကတောင် FDI ကို ဆွဲချသွားနိုင်တယ်ဆိုရင် ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံးက ခရီးသွားကဏ္ဍပြိုလဲသွားလို့ ခရီးသွားကဏ္ဍဆုတ်ယုတ်သွားချိန်၊ မြန်မာ့ပြည်တွင်းရေး ရခိုင် နယ်စပ်ပဋိပက္ခဟာ ကမ္ဘာ့လူအခွင့်အရေးပြသနာအဖြစ် ပိုပြင်းထန်လာချိန်၊ စီးပွားရေးကဏ္ဍတစ်ခုလုံး ပြိုလဲသွားအောင် လက်နက်ကိုင်အဖွဲ့ ၆၀၀ လောက် ဖွဲ့စည်းတိုက်ခိုက်လာချိန်၊ ဝင်လာပြီးသား FDI တွေ ပြန်ထွက်သွားအောင် တိုက်ခိုက်နေချိန်၊ နိုင်ငံနဲ့ပြည်သူကိုပဲ ထိခိုက်စေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ တစ်ကျော့ပြန်လာအောင် တိုက်ခိုက်နေချိန်ကာလမှာ ဒေါ်လာ ၄ ဘီလျံခွဲလောက် ရင်းနှီးမြှုပ်နှံမှုဝင်လာတယ်ဆိုတာကတော့ မဆိုးဘူးလို့ ပြောရမဲ့ အခြေအနေပါ။
ဒီလိုကာလမျိုးမှာ ရင်းနှီးမြှုပ်နှံမှုတက်စေချင်ရင် Risk ယူ မြှုပ်နှံရဲတဲ့ တရုတ်လိုနိုင်ငံမျိုးကို ပုံပေးလိုက်ရင် FDI ၀ုန်းကနဲတက်လာမှာဖြစ်ပေမဲ့ နိုင်ငံနဲ့ ပြည်သူထိခိုက်စေနိုင်တဲ့ စီမံကိန်းတွေကိုတော့ နိုင်ငံ့အတွက် အကျိုးရှိမှပဲ လုပ်စေချင်ပါတယ်လို့ တိုက်တွန်းရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။