၁၀. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားအစိုးရအနေနှင့် ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်ရေး အယူအဆကို လက်ခံကျင့်သုံးရန် စဉ်းစားလျက်ရှိကြောင်း ဒီဇင်ဘာ ၉ ရက်က ပြောခဲ့သည်။
၎င်းက ရုရှားအနေနှင့် ရန်သူ၏အင်အားကို လျှော့ချဖျက်ဆီးမှု ပြုလုပ်နိုင်ရန် ရန်သူအား ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်မှုကို အစပြုလက်ခံကျင့်သုံးခြင်းဖြင့် ၎င်း၏ စစ်ရေးအယူအဆကို ပြင်ဆင်သွားဖွယ်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားမှုမှာ နျူကလီယားတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်သွားရန် ရည်ညွှန်းခြင်းဟုလည်း သုံးသပ်ကြသည်။
ပူတင်က နျူကလီယားစစ်ပွဲတစ်ရပ် ဖြစ်နိုင်ခြေမြင့်မားနေကြောင်း၊ သို့သော် ရုရှားဘက်က စတင်တိုက်ခိုက်မည်မဟုတ်ကြောင်း သတင်းထောက်များအား ယခင်ကပြောကြားခဲ့ပြီးနောက် ဤကဲ့သို့ ရုရှားအစိုးရကလည်း ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်ရေး အယူအဆကို လက်ခံရန် စဉ်းစားနေသည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ ၎င်းကို အမေရိကန်၏ စစ်ရေးအယူဝါဒအဖြစ် ပူတင် ယခင်က ပြောခဲ့သည်။
ကာဂျစ်စတန်နိုင်ငံ၌ သတင်းထောက်များနှင့်တွေ့ဆုံခဲ့ရာတွင် “အမေရိကန်က ဒီအယူအဆကို ဦးစွာကျင့်သုံးခဲ့တယ်။ ဒါက ရန်သူ့လက်နက်တွေကို လျှော့ချဖျက်ဆီးရေးအတွက် လက်ဦးမှုရယူတိုက်ခိုက်ရေးစနစ်ကို တိုးတက်လာစေခဲ့တယ်။ ရုရှားအစိုးရအနေနဲ့လည်း မိမိတို့နိုင်ငံ လုံခြုံရေးအာမခံနိုင်ဖို့ အယူအဆတွေကို လက်ခံကျင့်သုံးဖို့ လိုလာတယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ စဉ်းစားမှုပြုနေတယ်” ဟု၎င်းက ပြောခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံက ပိုင်ဆိုင်သော ခရုစ်ဒုံးကျည်များနှင့် ဟိုက်ပါဆိုနစ် ဒုံးပျံစနစ်များက အမေရိကန်တို့ထက် ပိုမိုခေတ်မီကာ ထိရောက်မှုအရည်အချင်းရှိကြောင်းလည်း ပြောခဲ့သည်။ ဒီဇင်ဘာ ၇ ရက်တွင် ပူတင်က ရုရှားအနေနှင့် နျူကလီးယားလက်နက်များ စတင်တပ်ဖြန့်တိုက်ခိုက်မည် မဟုတ်သော်လည်း နျူကလီးယားတင်းမာမှုများက မြင့်တက်လာနေကြောင်း ပြောခဲ့သေးသည်။
ထိုစဉ်က သမ္မတပူတင်က ရုရှားအနေနှင့် မည်သည့်အခြေအနေတွင်မဆို ဦးစွာတိုက်ခိုက်လိမ့်မည်မဟုတ်ကြောင်း၊ သို့သော် နောက်မှအသုံးပြုပြီး တိုက်ခိုက်ခံဖြစ်မည်လည်း မဟုတ်ဟုဆိုခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရုရှားသမ္မတပူတင်အနေဖြင့် နျူကလီယားလက်နက်များနှင့်ပတ်သက်၍ တာဝန်မယူဘဲ လက်လွတ်စပယ်ပြောကြားခဲ့မှုဟု အပြစ်တင်ခဲ့သည်။
Ref—-AFP