October 20, 2024

၂၈. ၃. ၂၀၂၄
Written By Thandar

ပရိသတ် ချစ်ခင်မှုများစွာရရှိလာတဲ့ သရုပ်ဆောင် သီဟအောင်ကတော့ မာန်ရုပ်ရှင်ဇာတ်ကားမှာ လူကြမ်းရဲ့သားဖြစ်ပေမယ့် မင်းသားဖြစ်ခွင့်ရလို့ ဖေဖေက ဂုဏ်ယူနေပါတယ်လို့ဆိုပါတယ်။

“အဓိကတော့ ကျွန်တော် ဖေဖေနဲ့မေမေအပေါ်မှာထားတဲ့ မေတ္တာမှန်လို့ နေရာလေးတစ်ခုရတယ်ထင်ပါတယ်။ မာန် ရုပ်ရှင်ဇာတ်ကားမှာ မင်းသားနေရာက ပါဝင်ခွင့်ရလို့ ပျော်ပါတယ်။ အပြင်က ကာရိုက်တာနဲ့ ပြောင်းပြန် ကာရိုက်တာပေါ့။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဇာတ်ကား။ ပါဝင်ခွင့်ရလို့ ပီတိဖြစ်ရပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လေးပါ။ ကျွန်တော့်ကို ဖေဖေကတော့ ဘယ်လိုဇာတ်ရုပ်မျိုးဆို ဘယ်လို အိုက်တင်လို့ မသင် ပေးပါဘူး။ ကိုယ့် Idea နဲ့ ကြိုးစားအားထုတ်ဖို့ပဲ အကြံပေးပါတယ် ” လို့ သီဟအောင်က ပြောပါတယ်။

အိမ်ထောင်ရေး အချစ်ဇာတ်လမ်းပုံစံ မာန် ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်အနေနဲ့ ကျော်ထက်ဇော် ၊ အကယ်ဒမီမေမြင့်မိုရ် ၊ မင်းပိုင် ၊ ထင်သစ္စာ ၊ အကယ်ဒမီ မြတ်ကေသီအောင် ၊ လင်းဇာနည်ဇော် ၊ မျိုးမျိုးခိုင် ၊ အေးခက်ခက်ပိုင် ၊ ပပသင်း ၊ မျိုးမျိုးနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ သီဟအောင်က ဖခင်ဖြစ်သူ ကိုကိုဦး၊ မိခင်တို့နဲ့အတူ ပြင်ဦးလွင်မှာနေထိုင်တာမို့ ရိုက်ကူးရေးတွေ အဆက်အသွယ်ပြတ်သလို ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။

“ကျွန်တော် ငယ်ငယ်က ကျောင်းနေဘက် သူငယ်ချင်းတွေက လူဆိုးကြီးသား ၊ ဗီလိန်တစ်ယောက်ရဲ့ သားဆိုပြီး ရန်ရှာခံခဲ့ရတာတွေရှိတယ်။ နောက်ပိုင်း ကျွန်တော့်ရဲ့ စိတ်ကို နောက်ပိုင်းထားတတ်လာအောင် ဖေဖေကပဲ သင်ပေးခဲ့တယ်။ ခုချိန်မှာတော့ လူကြမ်းတစ်ယောက်ရဲ့ သားက မင်းသားဖြစ်ခွင့်ရလို့ ဖေဖေက ဂုဏ်ယူနေပါပြီ။ ခုတော့ ဖေဖေကိုလည်း အရင်ကလို လူကြမ်းကြီးလူဆိုးကြီးလို့ ပရိသတ်တွေ မမြင်တော့လို့လည်း ဝမ်းသာရပါတယ်။ ကျွန်တော်က အရမ်းချောတဲ့ရုပ်မဟုတ်ပေမယ့်လည်း ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်”လို့ သီဟအောင်က ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *